သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ဇန်နဝါရီ ၂၄ ရက်ညမှာကျင်းသွားမယ့် ONE 170 ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ စိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ပွဲတွေပါဝင်ပြီး ထိုင်းဖိုက်တာတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာ ဖြစ်ပါတယ်။ ဒီပွဲကို ဘန်ကောက်မြို့က ပရိသတ်သောင်းချီကြည့်ရှုနိုင်တဲ့ Impact Arena မှာကျင်းပသွားမှာဖြစ်ပြီး ONE Championship ရဲ့နာမည်ကျော်ဖိုက်တာတွေဖြစ်တဲ့ စူပါဘွန်းနဲ့ တာဝမ်ချိုင်းရဲ့ပွဲစဉ်အပါ ချန်ပီယံခါးပတ်လုပွဲ ၃ ပွဲအထိထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပနေစဉ်မှာလည်း ဟောလိဝုဒ်နာမည်ကျော်တွေနဲ့ MMA လောကကိုကျောရိုးပြုထားတဲ့ Beast In Me ရုပ်ရှင်ကားလည်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲမှာ စိုးလင်းဦးဟာ ထိုင်းနိုင်ငံရဲ့ဝါရင့်ဖိုက်တာတဦးဖြစ်တဲ့ ဆက်ဆန်နဲ့ထိုးသတ်ရမှာဖြစ်ပြီး ဆက်ဆန်ဟာ မွေထိုင်းပွဲစဉ်ပေါင်း ၂၀၀ ကျော်ထိုးသတ်ထားကာ ONE ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ၁၀ ပွဲထိုး ၉ ပွဲနိုင် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။
ဆက်ဆန်ဟာ မာဂုဏ်မြင့်တဲ့ကစားသမားတဦးဖြစ်ပြီး သူ့ရဲ့ညာလက်သီးကို ယုံယုံကြည်ကြည်နဲ့အသုံးချ တတ်ပါတယ်။ အားပါတဲ့ညာဖြောင့်လက်သီး၊ ညာတံတောင်တို့ကို လိုသလိုအသုံးပြုတတ်ပြီး အနာခံထိုးသတ်တတ်သူဖြစ်ကာ ပြိုင်ဘက်ကိုဆက်တိုက်ဖိအားပေးကစားတတ်သူလည်း ဖြစ်ပါတယ်။ အနီးကပ်တံတောင်ရိုက်ချက်အပြင် မထင်မှတ်တဲ့အချိန်မှာ အသုံးပြုတတ်တဲ့ ပတ်တံတောင်၊ လက်ပြန်ရိုက်ချက်တွေကလည်း ပြိုင်ဘက်ကစားသမားကိုအခက်တွေ့စေပါတယ်။
ခြေကန်ချက်အားနည်းပေမယ့် သူ့ရဲ့ခြေကန်ချက်ကိုလက်နဲ့ဖမ်းတားပြီး ထိုးဖို့ကြိုးစားရင်တော့ အကာအကွယ်မဲ့သွားတဲ့ မေးရိုးတွေဆီ လက်သီးချက်တွေဆက်တိုက်ဝင်တာ ခံရနိုင်ပါတယ်။
အားနည်းချက်အနေနဲ့ကတော့ အနိမ့်ကန်ချက်တွေခံရရင် တုံ့ပြန်ပုံအားနည်းကာ ဖိအားပေးကစားတတ်တဲ့ကစားသမားတွေရဲ့ ပုံစံအတိုင်း သူ့ရဲ့မေးရိုးတွေဟာ အကာအကွယ်မဲ့နေတတ်ပြီး ပြိုင်ဘက်ရဲ့ပင့်လက်သီးဒဏ်ကို ပွဲတိုင်းနီးပါး ခံရတာတွေ့ရပါတယ်။
စိုးလင်းဦးကတော့ ဒီဇင်ဘာလထဲမှာ ကားမတော်တဆမှုကြောင့် အစောပိုင်းမှာ ပြိုင်ပွဲက နုတ်ထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြန်လည်ထိုးသတ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီပွဲအတွက်အားခဲထားကာ ယုံကြည်ချက်မြင့်မားနေတဲ့ပုံစံကိုလည်း တွေ့ရပါတယ်။
စိုးလင်းဦးကလည်း နောက်မဆုတ်တမ်းဖိအားပေးထိုးသတ်တဲ့ကစားသမားဖြစ်ပြီး ထောက်လက်သီးနဲ့ အနီးကပ်ပင့်လက်သီးအားသာချက်ရှိပါတယ်။
ခြေကန်ချက်ပိုင်းအားနည်းပြီး တချက်နှစ်ချက်ထိမှ ပိုကောင်းလေ့ရှိတဲ့စိုးလင်းဦးအတွက် ကားမတော်တဆမှုကရထားတဲ့ သူ့ရဲ့ဒဏ်ရာတွေက ဒီပွဲမှာ အဆင်ပြေပါ့မလား စိုးရိမ်စရာပါ။
ONE မှာ ၃ ပွဲဆက်အနိုင်ရပြီး နောက်ဆုံးထိုးသတ်ရတဲ့ပွဲစဉ်မှာ နာဘီလ်ကိုရှုံးနိမ့်ထားတဲ့ စိုးလင်းဦးတယောက် ဒီပွဲကိုအနိုင်ကစားဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်လာမှာသေချာပါတယ်။
အကွက်ဆန်းတွေပြင်ဆင်ထားတယ်ဆိုတဲ့ ဆက်ဆန်ရဲ့အားနည်းချက်တွေကို လေ့လာထားပြီးပါပြီဆိုတဲ့ စိုးလင်းဦးအနေနဲ့ ဒီပွဲမှာ ဘယ်လောက်အထိအောင်စွမ်းဆောင်ပြမလဲဆိုတာ တွေ့ရပါတော့မယ်။
ဒီပွဲဟာ စိုးလင်းဦး ONE ကိုရောက်ကတည်းက ထိုင်းပရိသတ်တွေကြည့်ချင်နေတဲ့ပွဲ ဖြစ်တာကြောင့် ကစားသမားတွေရဲ့အားပြိုင်မှုအပြင် ပရိသတ်တွေရဲ့အပြိုင်အဆိုင်အားပေးမှုကိုပါ မြင်တွေ့ရမှာဖြစ်ပြီး ခန္ဓာကိုယ်တည်ဆောက်ပုံချင်းရော၊ မာဂုဏ်မြင့်မားပုံချင်းပါတူတဲ့ ကစားသမားနှစ်ယောက် ဘယ်သူအသာရသွားမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ။
Photo - One Championship
#မြေလတ်အသံ
#အားကစား #ONE170 #စိုးလင်းဦး #ဆက်ဆန် #ImpactArena
Share Share Share