ဝါသဝပျူစောထီးစစ်ကြောင်းက အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးပြီး ရိက္ခာနဲ့လဲခိုင်း

ဝါသဝပျူစောထီးစစ်ကြောင်းက အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးပြီး ရိက္ခာနဲ့လဲခိုင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂုဏ်ညှင်းရှိုကျေးရွာနေ ဒေသခံအမျိုးသမီး ၁၀ ဦးကို ကိုးထောင်ဘို့ကျေးရွာမှာ တပ်စွဲနေတဲ့ ပျူစောထီးတွေက ဇူလိုင် ၅ ရက်မနက် ၇ နာရီလောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဂုဏ်ညှင်းရှိုကျေးရွာနေ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၃ ဦးတို့ဟာ ကိုးထောင်ဘို့ကျေးရွာနဲ့ ၁ မိုင်ခွဲအကွာရှိ လယ်ကွင်းတခုမှာကောက်စိုက်နေချိန် အင်အား ၃၀ ပါ ပျူစောထီးတွေက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

"အမျိုးသား ၃ ဦးကိုတော့ ရိုက်နှက်ပြီး မနေ့ကပဲပြန်လွှတ်လိုက်ပြီ။ အမျိုးသမီး ၁၀ ဦးကိုဖမ်းထားပြီး ဆန် ၅ အိတ်၊ ဆီ ၅ ပုံး၊ ဆေးလိပ် ၅ စည်း၊ ကော်ဖီအထုတ်ကြီး ၅ ထုတ်၊ တခြားရိက္ခာတွေနဲ့ လာလဲရမယ်လို့ ပြောလိုက်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရိက္ခာနဲ့လူ လာလဲရင်လည်း သေနတ်တချက်ဖောက်ပါက ဖမ်းထားတဲ့အမျိုးသမီးတွေထဲက တဦးကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတာရှိပြီး လက်ရှိအချိန်ထိ ကိုးထောင်ဘို့ကျေးရွာထဲမှာပဲ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ 

ကိုးထောင်ဘို့ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက အင်အားအပြားအများနဲ့ တပ်စွဲနေတာဖြစ်ပြီး အနီးကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဒေသခံပစ္စည်းတွေကို လုယူတာတွေလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ ကိုးထောင်ဘို့ကျေးရွာတဝိုက်မှာ စစ်ရေးအခြေအနေငြိမ်သက်နေပြီး စစ်အုပ်စုဘက်က ၎င်းတို့တပ်စွဲထားတဲ့ နေရာကနေ အပြင်ထွက်စစ်ကြောင်းထိုးချိန်မှာလည်း ဒေသခံတော်လှန်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေတော့  ရှိတယ်လို့ သိရပါတယ်။ 

ပုံစာ - ကန့်ဘလူမြို့နယ်အတွင်းက ပျူစောထီးများအား ဦးဆောင်သူ ဝါသဝနှင့်အတူ တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဝါသဝစစ်ကြောင်း #အမျိုးသမီး #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10