ဝေါကနေ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံအချို့ ကျပ်သိန်းဆယ်ချီပေးပြီး ပြန်ရွေးခဲ့ရ

ဝေါကနေ စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံအချို့ ကျပ်သိန်းဆယ်ချီပေးပြီး ပြန်ရွေးခဲ့ရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အညာစု၊ အထက်ဝိုင်းပတ်ကျေးရွာတွေက စစ်ကောင်စီဖမ်းဆီးသွားတဲ့ ဒေသခံအချို့ ကျပ်သိန်းဆယ်ချီပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖမ်းဆီးခံရပြီး ၅ ရက်ခန့် အကြာလောက်မှာ ဒေသခံအချို့ကို ပြန်ရွေးထုတ်ဖို့ စစ်ကောင်စီအဖွဲ့ကို ငွေကျပ် ၁၀ သိန်းမှာ သိန် ၅၀ ထိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

"သိရသလောက်က ဝိုင်းပတ်က နှစ်ယောက်ဆို တယောက် သိန်း ၅၀ လောက်ပေးခဲ့ရတယ်။ ဒါတောင် စစ်တပ်နဲ့ပဏာစားတဲ့သူတွေကနေတဆင့် သူတို့ဆီချဥ်းကပ်ပြီး ပြန်ရွေးခဲ့ရတာ။ မဟုတ်ရင် ထောင်နှစ်ရှည်ချခံရအောင် လုပ်ခံရနိုင်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အမျိုးသားအများစုဟာ ရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကိုခံရပြီး ခန္ဓာကိုယ်နဲ့ခြေထောက်တွေမှာ ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေအနက် ၁၀ ဦးကျော်ကတော့ ငွေပေးနိုင်လို့ ဖမ်းဆီးခံရပြီး ၅ ရက်မြောက်မှာ ပြန်လွတ်လာကြပေမယ့် အများစုကတော့ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘုရားကြီးအမြောက်တပ်မှာ ထိန်းသိမ်းထားပြီး ပြန်လွတ်ချင်သူတွေက စစ်ကောင်စီနဲ့ ရင်းနှီးသူတွေကတဆင့် အမြောက်တပ်က အရာရှိတွေကို ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတာပါ။

ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီခန့်က စတင်ပြီး စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာတွေကို ဝင်ရောက်လာပြီး နေအိမ်တွေကို ဝင်ရောက်ကာ ဖုန်းကအစ စစ်ဆေးသလို လမ်းသွားလမ်းလာတွေကိုလည်း တားဆီးစစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အညာစု၊ အထက်ဝိုင်းပတ်ရွာတွေအပြင် လမ်းသွားလမ်းလာ ဒေသခံ ၈၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ပြန်ပေးဆွဲ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10