ဝေါက ပျူစောထီး ၁ ဦး စစ်တပ်ရဲ့ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံး

ဝေါက ပျူစောထီး ၁ ဦး စစ်တပ်ရဲ့ဖမ်းဆီးရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ၁ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက် ညနေ ၆ နာရီခန့်မှာ သူရဲသမိန်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အသက် ၄၅ နှစ်အရွယ် ကိုအောင်နိုင် ကို စစ်ကောင်စီအဖွဲ့တွေက နေအိမ်ကနေဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြတာလို့ဆိုပါတယ်။

"တယောက်ယောက်က စစ်တပ်ကို ဘာချွန်လိုက်လဲတော့မသိဘူး။ အဲ့ဒါကို ရွာမှာရှိတဲ့စစ်တပ်က သူကိုလာဖမ်းသွားပြီး စစ်ဆေးရိုက်နှက်လိုက်တာ သေသွားတယ်။ ပြီးတော့ အဲ့ညက စစ်ကောင်စီအဖွဲ့သားတွေ မူးနေကြတယ်။"လို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ကိုအောင်နိုင်ကို ဖမ်းဆီးရိုက်နှက်ပြီးနောက် ည ၁၀ နာရီကျော်မှာ နေအိမ်ကိုပြန်ပို့ချိန် ခန္ခာကိုယ်အနှံ့ဒဏ်ရာတွေတွေ့ရပြီး နေအိမ်ရောက်ပြီးမကြာခင်မှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ဖမ်းဆီးသွားတဲ့စစ်ကောင်စီအဖွဲ့ဟာ သူရဲသမိန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲနေထိုင်နေသူတွေလို့ သိရပြီး သူတို့တပ်စွဲထားတဲ့နေရာမှာတင် စစ်ဆေးရိုက်နှက်ခဲ့တာလို့ ဝေါမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ကိုအောင်နိုင်ဟာ ကျေးရွာအတွင်းနာရေးကူညီမှုအသင်းက အဖွဲ့ဝင်တဦးဖြစ်သလို စစ်ကောင်စီအဖွဲ့တွေရဲ့ ခိုင်းသမျှကိုလည်း လိုက်ပါလုပ်ဆောင်ပေးလေ့ရှိပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရင်းနှီးသူတဦးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

သူရဲသမိန်ကျေးရွာမှာ စစ်ကောင်စီတပ်ကအထိုင်ချထားကာ ပျုစောထီးအားကောင်းတဲ့ရွာတရွာလည်း ဖြစ်ပြီး အခုလိုဖြစ်စဥ်မျိုးက ဝေါမြို့နယ်အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ရိုက်နှက် #ပျူစောထီး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10