ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

ဝေါက NLD ပါတီဝင်တွေနဲ့ ဝန်းရံသူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျေးရွာ ၈ ရွာလောက်က NLD ပါတီဝင်တွေနဲ့ ဝန်းရံသူတွေကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီမနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်လောက်ဟာ မြစ်ကျိုး၊ ဂွေ့ကြီး၊ ကျောက်ပုံ၊ အုတ်ဖို၊ ဆပ်သွားခြုံ၊ အားကွေ၊ ပုဂံ၊ ဖိုးဦးစိန် စတဲ့ကျေးရွာတွေက NLD ပါတီဝင်တွေနဲ့ အောင်နိုင်ရေးကာလမှာ ဝန်းရံခဲ့သူတွေကို ဝင်ဖမ်းခဲ့တာလို့ဆိုပါတယ်။

"ဂွေ့ကြီးကဆို ဦးဖိုးစိန်တို့ သားအဖ နှစ်ယောက်ပါသွားတယ်။ ကျန်ရွာတွေကလည်း တော်တော်များများ ပါသွားကြတယ်။ ခုရွာတွေမှာ ယောက်ယက်ခတ်နေကြတာပဲ။ ခုပြောပြနေတဲ့အချိန်ထိ စကစတွေရွာတွေမှာ မွှေနေတုန်းပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒေသခံတွေကို လာရောက်ဖမ်းဆီးချိန်မှာ နာမည်စာရင်းတွေပါလာပြီး နာမည်နဲ့တကွ လာရောက်ဖမ်းဆီးနေတာကြောင့် ယခင်ဖမ်းဆီးခံရသူတွေဆီက စစ်ဆေးပေါ်ပေါက်ချက်အရ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပါတယ်။ 

ဖမ်းဆီးချိန်မှာလည်း ဖမ်းဆီးခံရသူတွေနဲ့သက်ဆိုင်တဲ့ ဖုန်း၊ ကွန်ပျူတာတွေကို သိမ်းဆည်းပြီး နေအိမ်ကို ရှာဖွေတာတွေလည်း ရှိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာမြစ်ကျိုးရွာက ၁၂ ဦး၊ ဂွေ့ကြီးက ၂ ဦး၊ ပုဂံရွာက ၅ ဦးခန့်နဲ့ ကျန်ကျေးရွာတွေက ၃ ဦးမှ ၅ ဦးကြားဖမ်းဆီးခံရပြီး စုစုပေါင်းအဖမ်းခံရသူ ၃၀ ဝန်းကျင်လောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဖမ်းခံရသူတွေထဲမှာ အသက် ၂၅ နှစ်ကနေ ၆၀ နှစ်အတွင်း ပါဝင်ပြီး အမျိုးသား၊ အမျိုးသမီးဦးရေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဒီနေ့ဖမ်းဆီးရမိသူအချို့ကို လတ်တလောမှာ မြစ်ကျိုးရဲစခန်းနဲ့ ဝေါရဲစခန်းတွေမှာ ထိန်းသိမ်းထားပြီး ဘုရားကြီးစစ်ကြောရေးကို ပို့ဆောင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီခန့်ကစတင်ပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ခန့်ဟာ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာက နေအိမ်တွေကို ဝင်ရောက်ပြီး ဖုန်းကအစ စစ်ဆေးသလို လမ်းသွားလမ်းလာတွေကိုလည်း တားဆီးစစ်ဆေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အညာစု၊ အထက်ဝိုင်းပတ်ရွာတွေနဲ့ လမ်းသွားလမ်းလာ ဒေသခံ ၈၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ၅ ရက်လောက်အကြာမှာ ဖမ်းဆီးခံရသူတွေထဲက ဒေသခံအချို့ဟာ ငွေကျပ် ၅ သိန်းမှ သိန်း ၅၀ အထိပေးပြီး ပြန်လွတ်လာခဲ့ကာ အများစုကတော့ လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

ပုံစာ - ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်မြို့ရှိ NLD ထောက်ခံသည့် အနှေးယာဥ်လုပ်သားများ အင်အားပြ လှည့်လည်နေစဥ်။

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #NLD

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10