ဝေါစုကျေးရွာလေကြောင်းတိုက်ခံရမှု သေဆုံးပြည်သူ ၃ ဦးထပ်တိုးလို့ ၁၅ ဦးအထိ ရှိလာ    ■မတ္တရာအနောက်ခြမ်းကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု စစ်တပ်က နေ့စဉ်ပြုလုပ်

ဝေါစုကျေးရွာလေကြောင်းတိုက်ခံရမှု သေဆုံးပြည်သူ ၃ ဦးထပ်တိုးလို့ ၁၅ ဦးအထိ ရှိလာ ■မတ္တရာအနောက်ခြမ်းကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု စစ်တပ်က နေ့စဉ်ပြုလုပ်

 

 

လူအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့တဲ့ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရခဲ့တဲ့ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၅ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်က မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာ ၃ ပါးအပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူ ၃၀ ကျော်ဒဏ်ရာရခဲ့တာပါ။

အဲဒီဒဏ်ရာရတဲ့အထဲက ပြည်သူ ၃ ဦး ထပ်တိုးသေဆုံးခဲ့တာလို့ သိရပြီး နာမည်နဲ့တကွအသေးစိတ်တော့ မသိရသေးပါဘူး။

စစ်ကောင်စီဟာ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာလည်း မတ္တရာမြို့နယ်အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ခန့်ပြုလုပ်ခဲ့ပေမယ့် ပြည်သူအထိအခိုက်မရှိခဲ့ဘူးလို့ ပြင်ဦးလွင်ခရိုင် ပကဖသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၀ ရက် မနေ့ကလည်း မတ္တရာမြို့ပေါ်ကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အောက်တောင်ကိုင်းကျေးရွာကိုကျကာ အသက် ၅၀ ကျော် အရွယ်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

မတ္တရာမြို့အနောက်ဘက်ကို စစ်တပ်က နယ်မြေစိုးမိုးမှုရရန်ကြိုးစားနေပြီး ခြေလျင်စစ်ကြောင်းတွေလည်း ဝန်စုကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်တာတွေလည်း မကြာခဏပြုလုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၁၁ ရက် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူအချို့အား တွေ့ရစဉ်။ (ဓါတ်ပုံ - Voice of Mandalay PDF)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့ #ဝေါစုကျေးရွာ #လေကြောင်း #စစ်ကောင်စီ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10