ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး

ဝေါဒေသခံ ၈၀ ကျော်ကို စစ်တပ်ဖမ်းဆီးပြီး တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲမှာ ဒေသခံ ၈၀ ကျော်ကို စစ်ကောင်စီဘက်က ဖမ်းဆီးပြီး ပြည်သူအသုံးပြုတဲ့ တံတား ၁ စင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက် မနက် ၁၀ နာရီခန့်က စတင်ပြီး စစ်ကောင်စီအင်အား ၂၀၀ ခန့်ဟာ မြစ်ကျိုး၊ လက်ပံ၊ အညာစု၊ ဆင်ရွာ၊ အထက်ဝိုင်းပတ်ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ပြည်သူနေအိမ်တွေထဲကို ဝင်ရောက်ကာ ဖုန်းကအစ စစ်ဆေးသလို လမ်းသွားလမ်းလာတွေကိုလည်း တားဆီးစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ 

ညနေ ၃ နာရီခန့်မှာ အညာစု၊ အထက်ဝိုင်းပတ်ရွာကို ဆက်သွယ်ထားတဲ့ အများပြည်သူအသုံးပြုနေရတဲ့ ပေ ၂၀၀ ခန့်ရှိ သစ်သားတံတားကို မီးရှိုခဲ့ရာ ပေ ၂၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့တွေ မီးရှို့နေချိန် တံတားပေါ်ကို ဖြတ်သန်းသွားလာနေတဲ့ ဒေသခံ ၆၀ ကျော်၊ ဆိုင်ကယ် အစီး ၄၀ ကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

"စကစ အဖွဲ့က တံတားကို အညာစုဘက်ကနေ ရှို့လိုက်တာ။ အဲ့ဒီအချိန်မှာ တံတားကိုဖြတ်နေတဲ့သူတွေရော တံတားထိပ်တွေမှာ ရောက်နေတဲ့သူတွေရောကို စကစဘက်က ပိတ်ဖမ်းထားလိုက်တယ်။ ပြီးတော့ အညာစုရွာထဲကသူတွေရော ဖမ်းဆီးတာတွေရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ဒေသခံ ၈၀ ကျော်မှာ အညာစု၊ အထက်ဝိုင်းပတ်ရွာက ဒေသခံတွေအများဆုံးဖြစ်ပြီး တခြားကျေးရွာတွေက ဒေသခံတချို့လည်း ပါဝင်ပါတယ်။ 

အဆိုပါည ၇ နာရီခန့်မှာတော့ စစ်ကောင်စီဘက်က ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ကားနဲ့တင်ပြီး ပဲခူးမြို့နယ်၊ ဘုရာကြီးမြို့အနီးရှိ အမြောက်တပ်စစ်ကြောရေးကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေသခံ ဆိုင်ကယ် အစီး ၄၀ ခန့်ကိုတော့ အညာစုနဲ့အထက်ဝိုင်းပတ်မှာ စောင့်နေတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေမှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးနေချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အနီးက အထက်ဝင်းကံ၊ ချောင်းဝရွာတွေဘက်ကို PDF တွေ ခိုအောင်းနေတယ်ဆိုပြီး လက်နက်ကြီး ၁၀ လုံး ထက်မနည်းပစ်ခတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအဖွဲ့ဟာ အညာစု၊ အထက်ဝိုင်းပတ်၊ မြစ်ကျိုးကျေးရွာတွေမှာ တပ်စွဲထားပြီး စစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ၊ အညာစု - အထက်ဝိုင်းပတ်တံတားကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးနေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး #ပြည်သူ #တံတား #မီးရှို့ #ဖျက်ဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10