ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ငွေကျပ်သုံးသောင်း တောင်းယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လပထမအပတ်ကစတင်ပြီး ဘုရားပျိူရွာနဲ့ပန်းဘဲစုကျေးရွာတွေက နေအိမ်တွေမှာ တအိမ်ထောင် ၃ သောင်းပေးဖို့ စစ်ကောင်စီအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို လိုက်တောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"လို့ ဝေါဒေသခံတဦးက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဘက်က ကောက်ခံတာကို ငွေကြေးတတ်နိုင်သူတွေက အပြည့်အဝထည့်ကြပေမယ့် အများစုကမထည့်နိုင်တာကြောင့် မပေးနိုင်တဲ့နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်တဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

“ ကောက်ခံရရှိတဲ့ငွေတွေကို အမှန်တကယ် စစ်မှုထမ်းအတွက် လူငှားမှာလား၊ စစ်မှုထမ်း အကြောင်းပြပြီး သူတို့အဖွဲ့တွေသုံးစွဲဖို့ ငွေညှစ်တာလားဆိုတာတော့ မသဲကွဲဘူး “ အထက်ပါဒေသခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက် မနက်ပိုင်းကစပြီး ညပိုင်းအထိ စစ်ကောင်စီအဖွဲ့တွေဟာ အင်အားအများအပြားနဲ့ ကြာလဟာ၊ ရှမ်းစု၊ အေးချမ်း၊ ဘုရားပျို၊ စိုင်တီစု၊ ညောင်ကိုင်းကျေးရွာတွေမှာ  စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလို့ လူငယ်  ၂၀ နီးပါးပါသွားပြီး ယနေ့အထိကျေးရွာတွေကို ပြန်မရောက်လာကြသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြို့ရွာတွေမှာ လူစာရင်းကောက်ယူ ရွေးချယ်မှုတွေပြုလုပ်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်ရဲ့ မြို့နယ်ပေါင်း ၂၀ က လူငယ် ၉၀၀ ကျော် အဓမ္မဖမ်းဆီးခံခဲ့ရတာလို့ BACS ရဲ့ ‘စစ်ကောင်စီ စစ်မှုထမ်းစနစ်အကောင်အထည်ဖော်ခြင်း- အပတ်စဉ် ၂’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဝေါ #စစ်မှုထမ်း #စစ်ကောင်စီတပ် #ငွေကောက်ခံ #အုပ်ချုပ်ရေးအဖွဲ့ #သတင်းတို #လူဖမ်းဆီးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10