ဝေါနယ်ထဲမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပျူစောထီးတွေနဲ့ရောနှော ကင်းစောင့်ခိုင်း

ဝေါနယ်ထဲမှာ ဒေသခံတွေကို လက်နက်ထုတ်ပေးပြီး ပျူစောထီးတွေနဲ့ရောနှော ကင်းစောင့်ခိုင်း

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်နဲ့ကပ်လျက် ကျေးရွာ ၅ ရွာကပြည်သူတွေကို စစ်ကောင်စီတပ်၊ ပျူစောထီးတွေနဲ့ပေါင်းပြီး ကင်းစောင့်ခိုင်းနေတယ်လို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

ဇူလိုင်ပထမအပတ်က စတင်ပြီး သူရဲသမိန်၊ မြစ်ကျိုး၊ လက်ပံ၊ ဆင်ရွာ၊ ကမ်းကြီးဆိပ်စတဲ့ကျေးရွာတွေက ပြည်သူတွေကို လက်လုပ်သေနတ်တွေထုတ်ပေးကာ ပျူ၊စစ်သားတွေနဲ့ရောပြီး ကင်းစောင့်ခိုင်းနေတာလို့ ဆိုပါတယ်။

"တအိမ်တယောက် အလှည့်ကျမစောင့်မနေရ ကင်းစောင့်ခိုင်းတယ်။ ကင်းစောင့်ချိန်လက်လုပ်သေနတ်တွေလည်း ပေးထားတယ်။ စစ်သားတွေက ဦးဆောင်တာ။  မစောင့်ချင်လည်း စောင့်ရတော့ ပြည်သူတွေက စိတ်ညစ်ရတာပေါ့။ တကယ်လို့ PDF ဝင်လာလို့ ပစ်ခတ်ကြရင် မဆိုင်ဘဲထိမှာလည်း စိုးနေကြတယ်" လို့ ဝေါမြို့နယ်ပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်တောင်းမြစ်ကမ်းကို ကျော်လွန်ပြီး ဝေါမြို့ထဲကို PDFတွေ ဝင်လာမယ်ဆိုတဲ့ သတင်းကြောင့် ကျေးရွာတွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုတွေလုပ်နေသလို ရွာသားတွေကိုလည်း ကင်းစောင့်ခိုင်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာတွေမှာ ကျေးရွာအရွယ်အစားအလိုက် ရွာကြီးဖြစ်ပါက တရက်ကို ကင်း ၂ ဖွဲ့နဲ့ ရွာငယ်ပါက ကင်း ၁ ဖွဲ့ လှည့်ပတ်စောင့်ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ကမ်းနဲ့ ကပ်လျက် ကျေးရွာတွေက လယ်စောင့်တဲတွေ၊ တံငါတဲတွေမှာ လူမနေခိုင်းဘဲ ဖျက်ခိုင်းတာတွေကြောင့် ဒေသခံတောင်သူတွေနဲ့ တံငါတွေမှာ လုပ်ငန်းခွင်အတွက် အခက် အခဲဖြစ်နေကြပါတယ်။

ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက် ဇူလိုင် ၁ ရက်က စတင်ကြေညာခဲ့ပြီး ဝေါမြို့နယ်ကိုဖြတ်သန်းသွားတဲ့ ပဲခူး-မော်လမြိုင်လမ်းကိုလည်း ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းသွားလာတာတွေမပြုလုပ်ဖို့ PDF ဘက်က ထုတ်ပြန်ထားပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီတပ် #ပျူစောထီး #ဒေသခံ #ကင်းစောင့်ခိုင်း #လူသားဒိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10