သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဝေါမြို့၊ ဝေါဘူတာအနီး သစ်စက်၊ ကန်တော်ရပ်ကွက်နဲ့ အရှေ့ဘက်ကမ်းရပ်ကွက်က နေအိမ် ၂၀၀ ကျော်ကို မီးရထားမြေနဲ့မလွတ်လို့ဆိုကာ ဖျက်သိမ်းပေးဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနကအမိန့်ထုတ်ပြီးနောက် နေအိမ်အချို့ အင်အားသုံးဝင်ရောက်ဖျက်ဆီးခံနေရတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ နေအိမ်တွေကို ဇန်နဝါရီ ၁၄ ရက်နောက်ဆုံးထားဖျက်ပေးထားဖို့ မီးရထားဘက်က စာထုတ်အမိန့်ပေးထားပြီး မဖျက်တဲ့နေအိမ်တွေကို အင်အားသုံးဖျက်သိမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။
ဇန်နဝါရီ ၁၄ ရက်နောက်ဆုံးထားဖျက်ပေးဖို့ ဆိုထားပေမယ့် ဇန်နဝါရီ ၈ ရက်လောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲ၊ မီးရထားဝန်ထမ်းတွေနဲ့ အလုပ်သမားတွေက နေအိမ်အချို့ကို အင်အားသုံးပြီး ဝင်ရောက်ဖျက်ဆီးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
"မဖယ်လို့ဆိုပြီး စစ်သား၊ ရဲတွေက ဝင်ဖျက်နေပြီ။ ဖျက်နေတာက လေးငါးရက်ရှိနေပြီး။ လမ်းပိတ်ပြီးဖျက်နေတာအပြင် လမ်းတွေမှာကင်းတွေချပြီးတော့ဖျက်နေတော့ ပုံတွေလည်း မရိုက်ရဲကြဖြစ်နေတယ်။ "လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
သစ်စက်ရပ်ကွက်၊ ကန်တော်ရပ်ကွက်က နေအိမ် ၁၀ လုံးကျော်နဲ့ အရှေ့ဘက်ကမ်းရပ်ကွက်က ကားလမ်းနဲ့ကပ်လျက် နေအိမ် ၁ လုံးဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။
အခုလို နေအိမ်ခြံတွေဖယ်ရှားခံရသူတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက နေထိုင်နေသူတွေ ဖြစ်ပြီး အချို့ကတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှုးတွေထံကနေ မြေဝယ်ယူပြီးနေထိုင်နေကြသူတွေဖြစ်သလို အချို့ကတော့ အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး နေထိုင်ခဲ့သူတွေဖြစ်တယ်လို့ ဘူတာအနီးမှာ ၂၀၀၂ ဝန်းကျင်ကတည်းက နေထိုင်လာသည့် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
"နေတဲ့အိမ်ကိုလာပြီးတော့ အိမ်ထဲခြံထဲက ပစ္စည်းတွေကိုဆွဲထုတ်ပြီးတော့ လမ်းဘေးစုပုံသွားတယ်။ သံဇကာတွေ ကျောက်တိုင်တွေနဲ့ လာကာသွားတယ်။ နောက်ဖေးနဲ့အိမ်ရှေ့တွေမှာလည်း တိုက်တွေရှိတယ်။ ကိုယ့်အိမ်တွေပဲ လာဖျက်တာ မီးရထားမြေနဲ့မလွတ်ဘူးဆိုပြီးတော့။ သူများနေအိမ်တွေဆို မီးရထားလမ်းနဲ့ကပ်နေသေးတာ အဲဒါတွေကျ လာမဖျက်သေးဘူး။"လို့ သူကပြောပါတယ်။
နေအိမ်ဖျက်ဆီးခံရချိန် မီတာပုံးတွေကိုလည်း လျှပ်စစ်ဝန်ထမ်းတွေက လာဖြုတ်ယူသွားကြတယ်လို့ ဆိုပါတယ်။
လက်ရှိ နေအိမ်ဖျက်ခံထားရသူတွေထဲက တချို့ကတော့ သွားစရာမရှိလို့ ဖျက်ခံထားရတဲ့ အိမ်ခြံအနီးမှာပဲ ဖြစ်သလိုနေထိုင်နေရကာ အချို့ကတော့ပြောင်းရွှေ့သွားတာမျိုးတွေရှိတယ်လို့ သိရပါတယ်။
"သွားစရာလည်းမရှိ။ ယောကျ်ားကလည်း ဆုံးထားတာ။ သားသမီးလည်းမရှိ။ ပစ္စည်းတွေကလည်း ရွှေ့လို့လည်းမတတ်။ ယူလို့လည်းမတတ်။ သစ်ပင်အောက်မှာ စိတ်ပျက်ပြီးနေနေရတယ်။ ညဆိုလည်း တယောက်တည်းဆိုတော့ အိမ်မဟုတ်တော့မအိပ်ရဲဘူး။ အဲ့အတိုင်းပဲ ငုတ်တုတ်ထိုင်နေရတယ်။’ လို့ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။
ဖယ်ရှားခိုင်းခံရတဲ့ နေအိမ်တွေက သစ်စက်ရပ်ကွက်၊ ကန်တော်ရပ်ကွက်ထဲက နေအိမ် ၁၂၈ လုံး၊ အရှေ့ဘက်ကမ်းရပ်ကွက်က ၈၀ လုံးကျော်၊ စုစုပေါင်း အိမ်ခြေ ၂၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။
မီးရထားဌာနဘက်ကတော့ သတ်မှတ်ရက်အတွင်းမဖယ်ရှားပေးပါက ပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းထားတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပြဌာန်းချက် အခန်း ၄၊ အပိုဒ် ၁၂၊ ဃ အရ မြန်မာ့မီးရထားပိုင်နယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့အဆောက်အဦတွေ ဖယ်ရှားဖျက်သိမ်းခံရမည့်အပြင် တရားစွဲဆိုအရေးယူသွားမယ်လို့ အခုနှစ် ဇန်နဝါရီ ၆ ရက် ရက်စွဲနဲ့ အမိန့်စာထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ဝေါ #အင်အားသုံးဖျက်သိမ်း #မီးရထား #ဘူတာ
Share Share Share