ဝေါမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့စစ်မဲနှိုက်ရာ အခြေခံလူတန်းစားတွေပဲမဲပေါက်နေလို့ မကျေနပ်ဖြစ်နေကြ

ဝေါမြို့နယ်က ကျေးရွာတွေမှာ ပြည်သူ့စစ်မဲနှိုက်ရာ အခြေခံလူတန်းစားတွေပဲမဲပေါက်နေလို့ မကျေနပ်ဖြစ်နေကြ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက ကျေးရွာတွေထဲမှာ ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ရာ အခြေခံလူတန်းစားတွေပဲ မဲပေါက်နေလို့ မကျေနပ်ဖြစ်နေကြတယ်လို့ ဝေါပကဖထံက သိရပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကစပြီး သူရဲသမိန်၊ ပုဂံ၊ မြစ်ကျိုး၊ လက်ပံ၊ ဝိုင်းပတ်၊ ဆင်ရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှာ ပြည်သူ့စစ်သင်တန်းတက်ရန် မဲနှိုက်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပတ်သက်သူ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ပတ်သက်သူ၊ ပျူစောထီးတွေနဲ့ပတ်သက်သူတွေ မဲမပေါက်ဘဲ အကပ်မရှိသူ သာမာန်ပြည်သူတွေသာ မဲပေါက်တယ်လို့ ဆိုပါတယ်။

"မဲတွေက ဘယ်လိုလုပ်ပြီး နှိုက်ခိုင်းနေလဲတော့ မသိရဘူး။ အခြေခံလူတန်းစားတွေပဲ ပေါက်နေတော့ လာပြောကြတယ်။ သူတို့လူတွေက တယောက်မှမပါတော့ ကျန်တဲ့သူတွေက မကျေနပ်ကြဘူး။ သူတို့ မတရားတာ သိနေပေမယ့် ပြည်သူတွေမှာ ခေါင်းငုံ့ခံနေရတယ်" လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

အခြေခံလူတန်းစားတွေပဲ မဲပေါက်ပြီး စစ်သင်တန်းတက်ရမှာဖြစ်လို့ မိသားစုစားဝတ်နေရေးအခက်တွေ ဖြစ်လာနိုင်တာကြောင့် မသွားချင်ကြဘူးလို့ ဆိုပါတယ်။

ပြည်သူ့စစ်သင်တန်းကိုတော့ မတ်လ တတိယအပတ်အတွင်းမှာ ဘုရားကြီးအမြောက်တပ်အတွင်းမှာ သင်တန်းပေးမှာဖြစ်ပြီး သတင်းကာလ တလကြာမြင့်မှာလို့ သိရပါတယ်။

လက်ရှိ ဝေါမြို့နယ်ထဲက ကျေးရွာတွေမှာ ကျေးရွာကြီးဖြစ်ပါက တရွာလျင် ပြည်သူစစ်အင်အား ၂၀ နဲ့ ရွာငယ်ပါက ၁၅ ဦးစီအတွက် မဲနှိုက်နေရတယ်လို့ သိရပါတယ်။

ဝေါမြို့နယ်ပကဖဘက်ကလည်း စစ်ကောင်စီအတွက် အင်အားစုစည်းပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးတွေကို ရတဲ့နည်းလမ်းနဲ့ ရှင်းပစ်ဖို့လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းအရှေ့ခြမ်း ပြည်သူ့စစ်များအား လက်နက်တပ်ဆင်ပွဲအခမ်းအနားပြုလုပ်နေစဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #ကျေးရွာ #ပြည်သူ့စစ်သင်တန်း #မဲနှိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10