ဝေါမြို့နယ်မှာ စစ်တပ်က အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး ပျူစောထီးလုပ်ခိုင်းနေ

ဝေါမြို့နယ်မှာ စစ်တပ်က အတင်းအဓမ္မ မဲနှိုက်ခိုင်းပြီး ပျူစောထီးလုပ်ခိုင်းနေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲမှာ ပျူစောထီးအဖွဲ့တွေ မရှိသေးတဲ့ကျေးရွာတွေကို စစ်ကောင်စီဘက်က ပျူစောထီးအဖွဲ့ ဖွဲ့ရန် ကျေးရွာ ၁ ရွာ ၁၅ ဦးတောင်းရာမှာ ဝင်မယ့်သူမရှိလို့ မဲနှိုက်ဝင်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစပြီး ပျူစောထီးအဖွဲ့မရှိသေးတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးစာရေးတွေကို ဖိအားပေးပြီး ပျူစောထီးအဖွဲ့ဖွဲ့ခိုင်းနေတယ်လို့ဆိုပါတယ်။

"သူတို့အစီအစဥ်က တရွာ ၁၅ ဦး မဖြစ်မနေလုပ်ရမယ်။ ခုက ရွာတွေမှာက လုပ်မယ့်သူမရှိတော့ မဲနှိုက်ခိုင်း နေတယ်။ မဲပေါက်တဲ့အိမ်က ပျူစောထီးလုပ်ရမယ်။ မလုပ်နိုင်ရင် ပိုက်ဆံပေးပြီး လူထည့်ရမယ်။ အတင်းအကြပ်ကို လုပ်နေတာပါ"လို့ ဒေသခံတဦးက ပြောပါတယ်။

ပျူစောထီးမဖွဲ့ပေးနိုင်တဲ့ ကျေးရွာတွေကို PDF အားပေးရွာတွေလို့ သတ်မှတ်ပြီး ထိရောက်စွာအရေးယူမယ်ဆိုပြီး ပြောဆိုခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြစ်ကျိုးကျေးရွာအုပ်စုနဲ့ သူရဲသမိန်ကျေးရွာအုပ်စုထဲက ဝိုင်းပတ်၊ ကျွန်းစု၊ သူရဲသမိန်၊ မြစ်ကျိုး၊ အုတ်ဖို၊ ပေါက်တန်း၊ ဂွေ့ကြီး၊ ပန်းခြုံစု၊ ဆင်ရွာ၊ သံခွန် အပါအဝင်ကျေးရွာပေါင်း ၃၀ လောက်မှာ ပျူစောထီးဖွဲ့ဖို့လုပ်ကိုင်နေပြီး တမြို့နယ်လုံးအတိုင်းအတာအနေနဲ့ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့တွေအတွက် လူရွေးပြီးပါက ကျေးရွာမှာ ကျန်ရှိတဲ့နေအိမ်ကနေ ပျူစောထီးတွေရဲ့ လစာ၊ ရိက္ခာအတွက် တလလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ကြား လစဥ်ထောက်ပံပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေက ရရှိလာတဲ့ ပျူစောထီးတွေကို ပဲခူးမြို့နယ်၊ အမြန်လမ်း ၄၁ မိုင်အနီးက အမှတ် ၉၀၁ အမြောက်တပ်မဌာနချုပ်အတွင်းမှာ စစ်သင်တန်း တလခွဲပေးနေတယ်လို့ သိရပါတယ်။

အခုလို ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့တွေ ဖွဲ့ခိုင်းနေတာဟာ ဝေါ၊  ပဲခူး၊ သနပ်ပင်၊ ကဝမြို့နယ်တွေအပါအဝင် ပဲခူးတိုင်းတတိုင်းလုံးနီးပါး စစ်ကောင်စီဘက်က ဖိအားပေးလုပ်ခိုင်းနေတာလို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #ပျူစောထီး #စစ်ကောင်စီ #ကျေးရွာ #မဲနှိုက် #မြစ်ကျိုးကျေးရွာ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10