ဝေါမြို့နယ်အရှေ့ခြမ်းမှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်စည်းရုံးမှုတွေရှိနေ      ■ စစ်မှုမထမ်းလိုတဲ့လူငယ်တချို့ ဝေါပကဖထံ ခိုလှုံလာ

ဝေါမြို့နယ်အရှေ့ခြမ်းမှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်စည်းရုံးမှုတွေရှိနေ   ■ စစ်မှုမထမ်းလိုတဲ့လူငယ်တချို့ ဝေါပကဖထံ ခိုလှုံလာ

 

ပဲခူးတိုင်း၊ ဝေါမြို့နယ်အရှေ့ဘက်၊ စစ်တောင်းမြစ်ကမ်းဘေးကျေးရွာတွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဒေသခံလူငယ်တွေကို စည်းရုံးတာနဲ့ ခြိမ်းခြောက်လူစုတာတွေ လုပ်နေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံလူငယ်တွေဆီက သိရပါတယ်။

ယခုအောက်တိုဘာလအတွင်းမှာ စစ်ကောင်စီတပ်သား၊ ပျူစောထီးနဲ့ ရဲအဖွဲ့တွေက လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့လိုက်စည်းရုံးနေသလို ဝင်ရောက်သူမရှိပါက ပေါ်တာဆွဲခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

"ခြိမ်းခြောက်ပြီး လူသစ်စုတဲ့သဘောရှိတယ်။ ပေါ်တာဆွဲရင် လစာမရဘူး။ တပ်ထဲဝင်လိုက်ရင် အာမခံချက်ရှိတယ်ဆိုပြီး စည်းရုံးခြိမ်းခြောက်လုပ်နေတာ။"လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်တပ်ထဲဝင်ဖို့ စည်းရုံးခြိမ်းခြောက်တာတွေလုပ်ပြီးနောက် အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဝေါပကဖဆီ ထွက်ပြေးလာသူ လူငယ် ၄ ဦးရှိလာတယ်လို့ သိရပါတယ်။

"ဘုန်းကြီးကျောင်းသွားရင်၊ အပြင်တွေသွားရင်၊ လမ်းမှာတွေ့ရင် မေးတယ်။ သူတို့ထဲ ဝင်မလား။ ဝင်တဲ့သူတွေလည်းရှိတယ်၊ အစနတောင်ပြန်ရှာမရဘူး။ အခု ရွာမှာကလည်းပေါ်တာဆွဲမယ်ဆိုပြီး ခြိမ်းခြောက်ပြီး သတင်းလွှင့်ထားတယ်။ အဲ့ဒါကြောင့် သူတို့ထဲမဝင်ချင်ဘူး။ ကြောက်လည်းကြောက်လို့ ဒီဘက်ထဲပြေးလာတာ။"လို့ ရွာကနေထွက်ပြေးလာတဲ့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ စစ်တောင်းမြစ်ကမ်းဘေးရှိ အုတ်ဖို ၁၊ အုတ်ဖို ၂၊ အုတ်ဖို ၃၊ တနော်ကျွန်း၊ ဝိုင်းပတ်၊ လက်ပံကျေးရွာတွေက လူငယ်တွေကိုစစ်ထဲဝင်ဖို့ အခုလိုခြိမ်းခြောက်ခေါ်ဆောင်နေတာလို့ သိရပါတယ်။ 

အဆိုပါ ကျေးရွာတွေဟာ ပျူစောထီးအားကောင်းတဲ့ရွာနဲ့ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ ရွာတွေ ဖြစ်တာကြောင့် စစ်တပ်ထောက်ခံသူတွေက ပျူစောထီး၊ စစ်တပ်ထဲဝင်သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းလောက်ကလည်း အဆိုပါကျေးရွာတွေမှာ ပြည်သူစစ်မှုထမ်းထဲဝင်ဖို့ လူငယ်တွေကို စစ်တပ်ကလိုက်ခေါ်နေတာကြောင့် ဒေသခံလူငယ်တွေက PDF အဖွဲ့တွေဆီ ထွက်ပြေးတာတွေရှိခဲ့ပြီး အဲလိုထွက်ပြေးလာတဲ့လူငယ်တွေကို လက်ခံပေးထားတာ ၇ ဦးထိရှိနေပြီလို့ ဝေါပကဖဆီက သိရပါတယ်။

ပုံစာ - စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #ပေါ်တာ #စစ်တပ် #လူသစ်စု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10