ဝေါမြို့ပေါ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးထိခိုက်ဒဏ်ရာရ

ဝေါမြို့ပေါ်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ဝေါမြို့၊ အေးချမ်းသာယာရပ်ကွက်၊ ပေ (၆၀)လမ်းထိပ်မှာ လုံခြုံရေးယူထားတဲ့စစ်ကောင်စီအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဝေါမြို့နယ် ပကဖထံက သိရပါတယ်။

မတ် ၁၅ ရက် မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ အင်အား ၆ ဦးလောက်နဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီနဲ့ ပျူအဖွဲ့တွေကို မိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့က ဆယ်တန်းစာမေးပွဲရှိနေတယ်ဆိုတော့ မြို့ထဲလမ်းတွေမှာ လုံခြုံရေးယူထားတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ရှိတဲ့နေရာစုံစမ်းပြီး ကြိုတင်မိုင်းထောင်ပြီး လာတဲ့အချိန်မှာ ခွဲလိုက်တာ" လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ ဒေသခံတွေကို ဖိအားပေးနေတဲ့အပေါ် စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အပေါ် သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီနဲ့ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဖွဲ့ဝင်တွေကတော့ လုံခြုံတဲ့နေရာကို အထိအခိုက်မရှိ ပြန်ရောက်ပြီလို့ ဆိုပါတယ်။

မိုင်းခွဲခံရပြီးနောက်မှာ စစ်ကောင်စီအင်အား ၂၀ ကျော်ထပ်မံရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးတာနဲ့ ရပ်ကွက် ဝန်းကျင်နေအိမ်တွေကို စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ဧပြီ ၂၇ ရက် ည ၇ နာရီလောက်ကလည်း ညောင်ခါးရှည်ရဲစခန်းကို ဝေါပကဖ၊ တပ်ရင်း ၃၇၀၁ ပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရဲ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ပဲခူးအခြေစိုက် တပ်မ ၇၇ မှ စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ (Getty Image)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့ #ပြည်သူ့ကာကွယ်ရေးတပ် #မိုင်းဆွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10