သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီကင်းစခန်းမှာ ကင်းစောင့်နေတဲ့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေထံက သိရပါတယ်။
သေဆုံးသူဟာ သူရဲသမိန်ကျေးရွာ ပျူစောထီးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် သန်းနိုင်ပု ဆိုသူဖြစ်ပြီး စစ်တောင်းမြစ်နံဘေးကမ်းနားရှိ ကာကင်းစခန်းမှာရှိနေစဉ် မြစ်တဖက်ကမ်းကပစ်ခတ်တဲ့ စနိုက်ပါကျည်ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
"ကင်းနောက်မှာတော့ အင်အား ၅၀ ကျော်လောက်ရှိမယ်။ ကာကင်းထုတ်ထားတဲ့သဘော။ ကင်းမှာက ၂ ယောက်ပဲ ရှိနေတာ။" လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီး ၂ နာရီကျော်အကြာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေဟာ သေဆုံးပျူစောထီးအလောင်းကိုထွက်ကောက်ပြီး မြစ်ကျိုးဆေးရုံကို ပို့လိုက်တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ကျေးရွာအဝင်အထွက်လမ်းတွေကို စစ်ကောင်စီပူးပေါင်းတပ်က ပိတ်ဆို့လိုက်ပြီး စနိုက်ပါကျည်လာရာ စစ်တောင်းမြစ်တဖက်ကမ်း ကျိုက်ထိုနယ်အတွင်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
သူရဲသမိန်ကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင် ၃၀ ကျော်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် တပ်စွဲနေတဲ့ရွာ ဖြစ်ပါတယ်။
ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ စစ်တောင်းမြစ်ကိုဖြတ်ပြီး ဝေါမြို့နယ်အတွင်းစစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် စစ်ကောင်စီတပ်ကသူရဲသမိန်၊ လက်ပံနဲ့မြစ်ကျိုးကျေးရွာတွေမှာ ၁ ရွာကို အင်အား ၃၀ ကျော်စီနဲ့တပ်ဖြန့်ထားပြီး စစ်တောင်းမြစ်ကမ်းတလျှောက်ကို စောင့်ကြည့်နေကြတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #ဝေါ #ပျူစောထီး #စနိုက်ပါ #သေဆုံး
Share Share Share