ဝေါမှာ စစ်ကောင်စီက ဆန်နဲ့ဆီ စျေးလျော့ရောင်းပေး၊ လုပ်ငန်းရှင်တွေဆီ ငွေညှစ်ပြီး ပြန်ရောင်းပေးနေဟုဆို

ဝေါမှာ စစ်ကောင်စီက ဆန်နဲ့ဆီ စျေးလျော့ရောင်းပေး၊ လုပ်ငန်းရှင်တွေဆီ ငွေညှစ်ပြီး ပြန်ရောင်းပေးနေဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံစစ်ကောင်စီအဖွဲ့က အပတ်စဉ် ရုံးပိတ်ရက်တွေမှာ ဆန်နဲ့ဆီကို စျေးလျော့ရောင်းပေးနေတယ်လို့ ဝေါမြို့ခံတွေဆီက သိရပါတယ်။

မြို့နယ်စစ်ကောင်စီက ဧည့်မထဆန်တပြည်ကို ၂၇၀၀ ကျပ်၊ စားအုန်းဆီ ၁ ပိဿာကို ၄၈၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးနေပြီး အဲ့ဒီလို စျေးလျော့ရောင်းနိုင်ဖို့ ဝေါမြို့လုပ်ငန်းရှင်တွေဆီကနေ ကျပ်ငါးသောင်းမှ သိန်းဆယ်ဂဏန်းအထိ တောင်းခံကာ ဆန်၊ဆီ ပြန်ဝယ်ပြီး မြို့နယ်စီကောင်စီက နာမည်ခံရောင်းပေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

"ပိတ်ရက်တွေမှာရောင်းပေးတာ ၁ လလောက်ရှိပြီ။ သူတို့လုပ်ပေးတာ စျေးပေါတယ်ပေါ့။ ဖြစ်ချင်တာက သူတို့(စစ်ကောင်စီ) နာမည်လိုချင်လို့ လုပ်နေတာ။ ဒါကလည်း ရေရှည်ရမယ်မထင်ဘူး။ ပြည်သူအပေါ် စေတနာရှိလို့ လုပ်တာမှမဟုတ်တာ" လို့ ဝေါမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် မြို့နယ်ဆန်လုပ်ငန်းရှင်အသင်းက ပြင်ပပေါက်ဈေး ကျပ် ၄၀၀၀ ဝန်းကျင်ရှိ ဧည့်မထဆန် တပြည်ကို ၂၇၀၀ ကျပ်နှုန်းနဲ့ လူတဦးကို တပြည်နှုန်းရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

"ဆန်တော့ လိုက်ရောင်းတာတွေ့တယ်။ အဲဒါတောင် လူစေ့မရဘူး။ သူတို့ လာရောင်းတာမှ လေးငါးဆယ် အိတ်လောက်ဘဲဆိုတော့ ခဏလေးနဲ့ကုန်သွားတယ်။ မရတဲ့သူကများတယ်။ ဆီတော့မတွေ့သေးဘူး "လို့ ဒေသခံတဦးက ပြောပါတယ်။

ဆန်နဲ့ဆီ ပြင်ပစျေးကွက်မှာတော့ စားအုန်းဆီတပိဿာ ကျပ် ၈၀၀၀ ကျော်ပေါက်နေသလို ဧည့်မထ ဆန်တပြည် ကျပ် ၄၀၀၀ နီးပါး စျေးပေါက်နေပြီး ထိုင်းနိုင်ငံကဝင်လာတဲ့ ပုဇွန်နှစ်ကောင်ဆီ တလီတာ တဘူးကို ကျပ် ၅၀၀၀ ကျော်၊ ပြည်တွင်းထွက် မြေပဲဆီ ၁ ပိဿာ ကျပ် ၁၅,၀၀၀ နီးပါးရှိနေသလို ပေါ်ဆန်းမွေး ဆန်ချော ၁ တင်းခွဲဝင်တအိတ်ကို ကျပ်တသိန်းအထက်အထိ စျေးမြင့်တက်နေတာပါ။ 

စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားကုန်တွေအပါအဝင် ကုန်စျေးနှုန်းတွေကြီးမြင့်နေမှု၊ ကျပ် ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် ပြည်သူအများ စားဝတ်နေရေးခက်ခဲကျပ်တည်းနေတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #စားကုန် #လုပ်ငန်းရှင် #ရောင်းချမှု #ငွေညှစ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10