ဝေါမှာ စစ်ကောင်စီတပ်က ညတိုင်းလက်နက်ကြီး ပစ်နေလို့ ဒေသခံတွေ စိုးရိမ်နေရ

ဝေါမှာ စစ်ကောင်စီတပ်က ညတိုင်းလက်နက်ကြီး ပစ်နေလို့ ဒေသခံတွေ စိုးရိမ်နေရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံရွာနဲ့ပေါက်တန်းရွာတွေမှာ တပ်လာစွဲထားတဲ့ စစ်ကောင်စီတပ်က အနီးဝန်းကျင်တွေကို ညတိုင်းလက်နက်ကြီးနဲ့ ပစ်နေလို့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်က စပြီး စစ်ကောင်စီတပ်သား ၅၀ ကျော်လောက်ဟာ လက်ပံရွာနဲ့ ပေါက်တန်းရွာဘက်ကို ထပ်ရောက်လာပြီး လက်နက်ကြီးတွေတပ်ဆင်ကာ စက်တင်ဘာလ ၁၃ ရက် ညထိ ညတိုင်းပစ်ခတ်နေတာလို့ ဆိုပါတယ်။

"လက်ပံရွာက စကစ တပ်စွဲထားတဲ့နေရာ တိုက်ခိုက်ခံရပြီးကတည်းက လက်နက်ကြီးတွေ အထိုင်ချပြီး ပစ်နေတာ ညတိုင်းဘဲ။ အဲ့လိုတွေဖြစ်တော့ စကစ ပစ်တဲ့ လက်နက်ကြီးထိမလား၊ KNU ဘက်က လာပစ်လို့ တိုက်ပွဲဖြစ်ကြရင် ထိမလား စိုးရိမ်နေရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

တပ်လာစွဲထားတဲ့ စစ်ကောင်စီတပ်တွေကနေ တညမှာ လက်နက်ကြီး ၅ လုံးမှ ၁၀ လုံးကြား  KNLA တပ်မဟာ ၁ နယ်မြေထဲကို ပစ်ခတ်နေတာတွေ ရှိနေပါတယ်။

ဝေါမြို့နယ်နဲ့ KNLA တပ်မဟာ ၁ နယ်မြေဟာ စစ်တောင်းမြစ်တခုသာ ခြားထားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီလက်နက်ကြီးပစ်နေလို့ ဝေါမြို့နယ်ထဲက လက်ပံ၊ ပေါက်တန်း၊ ဆင်ရွာက ဒေသခံတချို့ တိမ်းရှောင်နေရသလို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဝင်းကံ၊ သုံးခွရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေရပါတယ်။

စက်တင်ဘာလ ၉ ရက်ည နဲ့ ၁၀ ရက်မနက်တွေမှာ လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေ အင်အားထပ်တိုးချထားကာ ဒေသခံတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခွင့်မပြုတော့သလို စစ်ဆေးမှုတွေလည်း တင်းကြပ်လုပ်ဆောင်နေပါတယ်။  

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် လက်ပံရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းအပါအဝင် လက်နက်ကြီး တွေနဲ့ပစ်ခတ်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

ပုံစာ -  စက်တင်ဘာလ ၁၂ ရက်က ဝင်းကံရွာအတွင်း စစ်ကောင်စီလက်နက်ကြီး ကျရောက်စဥ် ထိခိုက်မှုအချို့။

စာတည်း - လင်းဇေ 

 
#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #လက်ပံရွာ #ပေါက်တန်းရွာ #စစ်ကောင်စီ #လက်နက်ကြီး #KNLA #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10