ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ကလေး ၂ ဦးဒဏ်ရာရ

ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ကလေး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါကျေးရွာအုပ်စု၊ ကျွန်းရွှေဝါရွာနဲ့ လက်ပံကျေးရွာကြားရှိ ငှက်ပျောတပင်သောင်ပေါ်မှာ မိုင်းထိပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်မှာ အုတ်ဖို ၁ ကျေးရွာနေ ဦးသောင်းဟန်ရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ်နဲ့ တူဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးဟာ ကမ်းနားမှာကစားနေစဥ် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"သူ့အဖေ (ဦးသောင်းဟန်)က သူတို့ပိုင်လယ်ထဲကိုခဏသွားပြီး ကလေးတွေကိုလှေစောင့်ခိုင်းထားတာ။ ကလေးတွေကလည်း သောင်ပြင်မှာ ပြေးလွားဆော့ကစားရင်း မြေမြှုပ်မိုင်းထိခဲ့တာ"လို့ ဝေါမြို့နယ်ပကဖ တာဝန်ရှိသူကပြောပါတယ်။

မိုင်းထိလို့ ကလေးငယ် ၂ ဦး မျက်လုံး၊ ဗိုက်နဲ့ ခြေထောက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရခဲ့ပြီး သူတို့ ၂ ဦးကို နီးစပ်ရာဆေးရုံမှာ ဆေးကုသပေးနေပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။ 

အဆိုပါ မိုင်းတွေဟာ ဘောနပ်ကြီး အခြေစိုက် မစခ ၉၀၁ (အမှတ် ၉၀၁ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံ အမတ ၂၀၅ (အမှတ် ၂၀၅ အမြောက်တပ်ရင်း) က စစ်ကောင်စီအဖွဲ့တွေ စစ်ကြောင်းထိုးချိန် ကျွန်းရွှေဝါနဲ့ ငှက်ပျောတပင်သောင်ပေါ် မှာ ထောင်ထားတဲ့ခဲ့တဲ့ မိုင်းတွေထဲက တလုံးဖြစ်တယ်လို့ ဝေါမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုးချိန် ဒေသအခေါ် ကျွန်းရွှေဝါသောင်၊ လက်ပံနဲ့ ငှက်ပျောတော ကျေးရွာအနီးရှိ သောင်ပြင်တွေအပြင် အနီးဝန်းကျင်ရှိ လယ်ကွင်းတွေထဲမှာလည်း မိုင်းထောင်ထားတာကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းထွက်ဖို့ မသွားလာရဲကြဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း ဝေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ အထက်ဝိုင်းပတ်ကျေးရွာထဲကိုကျပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။ 

ပုံစာ - လူသွားလမ်းတွင်ထောင်ထားသည့် စစ်တပ်နင်းမိုင်းများအား ကာကွယ်ရေးတပ်ဖွဲ့များ ရှင်းလင်းခဲ့စဉ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #ကျွန်းရွှေဝါကျေးရွာအုပ်စု #ကလေးသူငယ် #မိုင်းထိ #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10