ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ဒဏ်ရာရတဲ့ကလေး ၂ ဦးအနက် ၁ ဦးသေဆုံး

ဝေါမှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ဒဏ်ရာရတဲ့ကလေး ၂ ဦးအနက် ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါကျေးရွာအုပ်စု၊ ကျွန်းရွှေဝါရွာနဲ့ လက်ပံကျေးရွာကြားရှိ ငှက်ပျောတပင်သောင်ပေါ်မှာ စစ်တပ်ထောင်တဲ့ မိုင်းထိပြီး ဒဏ်ရာရတဲ့ကလေး ၂ ဦးအနက် ၁ ဦးသေဆုံးသွားပြီလို့ ဝေါမြို့နယ်ပကဖထံက သိရပါတယ်။

မတ် ၁ ရက် ညနေပိုင်းမှာ မိုင်းထိပြီး ပဲခူးဆေးရုံမှာ ဆေးကုသနေရတဲ့ ဦးသောင်းဟန်ရဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် ကောင်းပြည့်ဖြိုးမှာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ဆိုပါတယ်။

"မနေ့ ညနေက ဆေးရုံမှာ ဆုံးသွားတယ်လို့ သိရတယ်။ ဆုံးသွားတဲ့ကလေးငယ်က ဒဏ်ရာပြင်းတာလည်းပါတယ်။ နောက်တစ်ယောက်ကတော့ အခြေနေကောင်းတယ်။ သက်သာနေပြီ။" လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်

သေဆုံးသွားတဲ့ကလေးငယ်ရဲ့အလောင်းကိုတော့ နေရပ်ပြန်သယ်ဖို့ မိဘတွေကစီစဥ်နေပြီး ကျန်ကလေးငယ်ကတော့ သက်သာနေပေမယ့် ဆေးကုသမှုဆက်လက်ခံယူနေရဦးမယ်လို့ သိရပါတယ်။

မတ် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်မှာ အုတ်ဖို ၁ ကျေးရွာနေ ဦးသောင်းဟန်ရဲ့ သားဖြစ်သူ ကောင်းပြည့်ဖြိုးနဲ့ တူဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေး ၂ ဦးဟာ ကမ်းနားမှာ ကစားနေစဥ် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

မိုင်းထိလို့ ကလေးငယ် ၂ ဦး မျက်လုံး၊ ဗိုက်နဲ့ ခြေထောက်တွေမှာ မိုင်းစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

အဆိုပါ မိုင်းတွေဟာ ဘောနပ်ကြီး အခြေစိုက် မစခ ၉၀၁ (အမှတ် ၉၀၁ အမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်) လက်အောက်ခံ အမတ ၂၀၅ (အမှတ် ၂၀၅ အမြောက်တပ်ရင်း) က စစ်ကောင်စီအဖွဲ့တွေ စစ်ကြောင်းထိုးချိန် ကျွန်းရွှေဝါနဲ့ ငှက်ပျောတပင်သောင်ပေါ် မှာ ထောင်ထားခဲ့တဲ့ မိုင်းတွေထဲက တလုံးဖြစ်တယ်လို့ ဝေါမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုးချိန် ဒေသအခေါ် ကျွန်းရွှေဝါသောင်၊ လက်ပံနဲ့ ငှက်ပျောတော ကျေးရွာအနီးရှိ သောင်ပြင်တွေအပြင် အနီးဝန်းကျင်ရှိ လယ်ကွင်းတွေထဲမှာလည်း မိုင်းထောင်ထားတာကြောင့် ဒေသခံတွေဟာ လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းထွက်ဖို့ မသွားလာရဲကြဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်ကလည်း ဝေါမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အထက်ဝိုင်းပတ်ကျေးရွာထဲကိုကျပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ သေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #ကျွန်းရွှေဝါကျေးရွာ #ကျွန်းရွှေဝါရွာ #လက်ပံကျေးရွာ #စစ်တပ် #မိုင်း #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10