ဝေါမှာ နင်းမိုင်းထိလို့ အမျိုးသားတဦး ခြေထောက်ပြတ်

ဝေါမှာ နင်းမိုင်းထိလို့ အမျိုးသားတဦး ခြေထောက်ပြတ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ၊ ကမ်းနားအနီးရှိ လယ်ကန်သင်းရိုးမှာ အမျိုးသားတဦး နင်းမိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထိသူဟာ လက်ပံကျေးရွာနေ ဦးလှထွန်း ၄၈ နှစ်ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီလောက်က စစ်တောင်းမြစ်အတွင်း ငါးပိုက်တားပြီး ရွာကိုပြန်လာစဥ် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"စကစ ထောင်ထားတဲ့ မိုင်းထိတာက သေချာတယ်။ မိုင်းထိတာနဲ့ ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားတာ။ နင်းမိုင်းထိတာလို့တော့ သိရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဦးလှထွန်းမှာ ညာခြေချင်းဝတ်ပြတ်၊ ဘယ်ဘက်ပေါင်နဲ့ ခြေသလုံးကြွက်သား၊ ညာဘက်လက်တို့ မိုင်းစမှန်ခဲ့ပြီး မြစ်ကျိုးဆေးရုံကို ပို့ရာကနေ စိုးရိမ်ရလို့ ပဲခူးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေပေါင်းပြီး ရွာအနီးဝန်းကျင်နေရာတွေမှာ နင်းမိုင်းတွေထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ အပြင်ထွက်သွားလာတာတွေ မလုပ်ရဲသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၀ ရက်မှာလည်း စစ်ကောင်စီဘက်ကထောင်ထားတဲ့ နင်းမိုင်းကို လက်ပံကျေးရွာထဲက နွားတကောင် နင်းမိပြီး နွားသေဆုံးခဲ့ရာ စစ်ကောင်စီဘက်က မိုင်းပျက်စီးခဲ့တယ်ဆိုပြီး နွားပိုင်ရှင်ဆီက မိုင်းဖိုး ကျပ်တသိန်း လျော်ကြေးတောင်းခဲ့သေးတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် မနက်ပိုင်းမှာ လက်ပံရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ရာ ၁ ဦးသေ ၂ ဦးဒဏ်ရာရသွားပြီးနောက် စစ်အုပ်စုက ရွာထဲမှာ တပ်အင်အား တိုးချပြီး ရွာပတ်လည်မှာ မိုင်းတွေထောင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #လက်ပံရွာ #နင်းမိုင်းထိ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10