ဝေါမှာ လူငယ်တွေနေရပ်စွန့်ခွာနေလို့ လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာအခက်တွေ့နေ

ဝေါမှာ လူငယ်တွေနေရပ်စွန့်ခွာနေလို့ လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာအခက်တွေ့နေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းက ကျေးရွာ ၂၀ ထက်မနည်းမှာ လူငယ်တွေအများစုဟာ နေရပ်ကနေ စွန့်ခွာနေကြတာကြောင့် လုပ်သားရှားပါးမှုနဲ့ ရပ်ကျေးကိစ္စတွေမှာ အခက်အခဲတွေရှိလာတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း လူငယ်တချို့ကပြည်ပကိုထွက်တာ၊ တချို့ကလည်း ဒေသတော်လှန်ရေးအဖွဲ့တွေဆီဝင်တာတွေအပြင် နည်းအမျိုးမျိုးနဲ့ ၎င်းတို့နေထိုင်ရာ ကျေးရွာတွေကနေ ထွက်ခွာကုန်ကြတာလို့ ဆိုပါတယ်။  

"အစကတော့ အခြေအနေစောင့်ကြည့်နေကြသေးတယ်။ နောက်ပိုင်းကျတော့ ပြည်ပထွက်တာများတယ်။ PDF ထဲဝင်တာတော့ နည်းတယ်။ အရင်ကဆို ကျနော်တို့ရွာမှာ လူငယ် ၂၀၀ လောက်ရှိတယ်။ လက်ရှိမှာဆို ၅၀ လောက်ပဲ ကျန်တော့တာ။ ကြံခိုင်ရေးပါတီဝင်လူငယ်တွေတောင် ပြေးကြတာ"လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

ခုလို လူငယ်အများစု ကျေးရွာတွေကနေစွန့်ခွာသွားတာကြောင့် ကျေးရွာတွင်း သာရေးနာရေးလုပ်ငန်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရင်ကလောက်မလုပ်နိုင်တော့သလို လယ်ယာ၊ ကိုင်းခုတ် စတဲ့အလုပ်တွေကိုလည်း သက်ကြီးပိုင်းတွေလုပ်နေရတဲ့အတွက် အလုပ်မတွင်ကျယ်ဘူးလို့လည်း ဒေသခံတဦးက ပြောပါတယ်။ 

“အမျိုးသားတွေက သက်ကြီးပိုင်းတွေတော့ရှိသေးတယ်။ အဓိက လူငယ်တွေနည်းသွားတာ။ စီးပွားရေး လုပ်ငန်းတွေမှာက လူငယ်တွေမရှိတော့ လူကြီးပိုင်းတွေငှားရမ်းလုပ်ကိုင်ရတော့ လုပ်ငန်းမတွင်ကျယ် တာမျိုး၊ ဥပမာလယ်ယာလုပ်ငန်းတွေတွေမှာဆို လုပ်သားငှားမရတာတွေ ဖြစ်လာတာ၊ နောက် သာရေးနာရေးမှာ အရင်လို လူငယ်အစုအဖွဲ့တွေမရှိတော့ မလုပ်နိုင်တော့တာတွေ ဖြစ်တယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ဝေါမြို့နယ်ထဲမှာ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၅၃ ခုရှိတယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရ သိရပြီး လက်ရှိမှာ ဘုရားပျို၊ ကမာကပန်၊ ကဒွတ်၊ ညောင်ကိုင်း၊ မိုးနက်၊ ဘိုကတော်၊ ရွာသစ်၊ ဖိုးစပယ်၊ ဆားပူကုန်း၊ ညောင်ခါးရှည်၊ လက်ပံသုံးပင်၊ သူရဲသမိန်ရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှာ လူငယ်အများစု မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဝေါမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကိုဖိအားပေးကာ စစ်မှုထမ်းခိုင်းနေသလို ရပ်ရွာလုံခြုံရေးအမည်ခံ ပြည်သူ့စစ်အဖွဲ့တွေအတွက် လူတောင်းနေတာကြောင့် အသက် ၅၀ နှစ်အထက် သက်ကြီးပိုင်းတွေလည်း တိမ်းရှောင်နေကြရပါတယ်။ 

လက်ရှိအချိန်မှာတော့ ဝေါမြို့နယ်အတွင်းမှာ စစ်မှုထမ်းစာရင်းထပ်ကောက်နေတာမရှိဘဲ အရင်စာရင်းကောက်ထားသူတွေကိုပဲ စစ်သင်တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #လုပ်သားရှားပါး #ရပ်ကျေးကိစ္စအခက်အခဲ #စစ်မှုထမ်းဥပဒေ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10