သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲက ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုမရကြတာကြောင့် မင်းဘူးခရိုင် တပ်ရင်း ၃ က နယ်လှည့်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြပါတယ်။
မြို့နဲ့ဝေးတဲ့ ကျေးရွာ ၁၅ ရွာမှာ ၁ ရွာကို ၂ ညအိပ် ၃ ရက်အချိန်ယူကာ ဆေးကုသပေးခဲ့ပြီး စုစုပေါင်း လူဦးရေ ၁,၅၀၀ ကျော်ကို အခမဲ့ဆေးဝါးစောင့်ရှောက်မှုတွေ ပေးနိုင်ခဲ့ကာ ကျောင်းကျန်းမာရေးပညာပေးနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးအသိပညာပေး ဟောပြောမှုတွေလည်း လုပ်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
ကျေးရွာတွေဟာ မြို့နဲ့ဝေးကွာပြီး ခေါင်လွန်းတဲ့အတွက် ကျန်းမာရေးအသိတွေ နည်းကြသလို နတ်ကိုးကွယ်တဲ့ ကျေးရွာတွေမှာဆိုရင် ရောဂါတခုဖြစ်ရင် ဆေးပညာနဲ့ မကုသကြတဲ့အတွက် အသက်သေဆုံးမှုတွေထိ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် ရောဂါတခုဖြစ်ရင် ဆေးကုသဖို့ အလွယ်မသွားနိုင်ဘဲ ကျန်းမာရေးအခြေအနေ ပိုဆိုးသွားတဲ့သူတွေ၊ အချိန်မီ ဆေးမကုနိုင်တာကြောင့် အသက်သေဆုံးသွားတဲ့သူတွေလည်း ရှိတယ်လို့ သွေးအားနည်းရောဂါ ခံစားနေရတဲ့ ဒေသခံအမျိုးသားတဦးက ပြောပြပါတယ်။
ဆေးကုချိန် ဆီးချို၊ သွေးတိုး၊ ဖျားနာ၊ လေဖြတ်၊ အရေပြားရောဂါနဲ့ ကာလကြာရှည် အလုပ်ကြမ်း လုပ်ကိုင်ရတာကြောင့် ခံစားရတဲ့ ကိုယ်လက်နာကျင်ရောဂါအပြင် အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်တဲ့ရောဂါတွေ အများစုတွေ့ရပြီး လေဖြတ်ဝေဒနာခံစားရသူတွေထဲက အခြေအနေဆိုးတဲ့သူတွေကိုတော့ ပိုသင့်တော်တဲ့နေရာတွေကို လွှဲပေးကြပါတယ်။
တပ်ဖွဲ့အနေနဲ့ အခုလိုနယ်လှည့်ဆေးကုတာဟာ ၃ ကြိမ်မြောက်ဖြစ်ပြီး ကျေးရွာတချို့က ဆိုင်ကယ်လမ်းတောင် မရှိတဲ့အတွက် ဆေးအိတ်တွေကိုထမ်းကာ ခြေလျင်သွားခဲ့ရပြီး တရွာနဲ့ တရွာကလည်း ၄မိုင်ကျော်လောက် ဝေးကွာကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဒေသတွေမှာ အာဏာမသိမ်းခင်က ကျေးလက်ဆေးပေးခန်းတွေရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တဲ့အတွက် ပိတ်လိုက်ရပါတယ်။
ဒေသခံတွေကတော့ ကျေးရွာနဲ့နီးတဲ့ နေရာတွေမှာ ဆေးရုံဆေးခန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် အဖွဲ့အစည်းတွေရှိဖို့ မျှော်လင့်နေကြပါတယ်။
တည်းဖြတ် - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #စေတုတ္တရာ #ကျန်းမာရေး #အခမဲ့ #နယ်လှည့် #ဆေးကု
Share Share Share