သင့်ကို ထောက်ပို့တပ်က အလိုရှိသည် (အတွေးအမြင်)

သင့်ကို ထောက်ပို့တပ်က အလိုရှိသည် (အတွေးအမြင်)

သင်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို လိုလားသူတယောက်ပါလား၊ သင်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဒီမိုကရေစီတည်ဆောက်ရေးကို လိုလားသူပါလား၊ သင်ဟာ လက်ရှိ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်တာကို မြင်လိုသူတယောက်ပါလား၊ ဒီလိုဆိုရင်တော့ သင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကြီးရဲ့ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ 

ထောက်ပို့တပ်သားတဦးဆိုလို့ တပ်ဖွဲ့ထဲ ဝင်စရာ မလိုပါဘူး။ စစ်မြေပြင်မှာ အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး ရဲဘော်တွေ လိုအပ်နေတဲ့ ကျည်ဆံတတောင့်ဖြစ်စေ၊ ထမင်းတနပ်ဖြစ်စေ၊ ဆေးတခွက်၊ ဂွမ်းတလိပ်ဖြစ်စေ ထောက်ပံ့ပေးရုံမျှပါပဲ။ 

မြန်မာနိုင်ငံက သက်တမ်းရင့်စစ်အာဏာရှင်တပ်ကြီးကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နွေဦးတော်လှန်ရေးရဲဘော်တွေ တွန်းလှန်တိုက်ခိုက်နေတဲ့ တိုက်ပွဲဟာ အောင်မြင်မှု ရေချိန်အမြင့်ဆုံးကို ရောက်ရှိနေတာပါ။ ဒီလိုအခွင့်အရေး ၂ ခါ မရနိုင်တာကြောင့် ဒီသမိုင်းတကွေ့မှာ သင့်အနေနဲ့ ထောက်ပို့တပ်သားအဖြစ် မပျက်မကွက်ပါဝင်လိုက်ပါလို့ ထပ်လောင်းပြောပါရစေ။ 

မြသွဲ့သွဲ့ခိုင်၊ ဝေယံထွန်း၊ ကြယ်စင်၊ ညီညီထက်နိုင်၊ ခန့်ညားဟိန်း အစရှိတဲ့ လမ်းပေါ်ထွက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ရင်းနှီးထားပြီးဖြစ်တဲ့ တော်လှန်ရေး။ ရက်ရက်စက်စက် လက်ရဲဇက်ရဲနိုင်လွန်းတဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ကာလလျှောက် လက်ရှိအခြေအနေဟာ စစ်အာဏာရှင်ကို ဖြုတ်ကျစေဖို့ အနီးစပ်ဆုံးနဲ့ အကောင်းဆုံး အခြေအနေပါ။ 

မြန်မာနိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေ ဘယ်လိုအောင်မြင်မှုတွေ ရနေကြသလဲ၊ မင်းအောင်လှိုင်ရဲ့ လက်အောက် စစ်ကောင်စီတပ်တွေ မြန်မာပြည်အနှံ့ ဘယ်လိုတွေ အရေးနိမ့်နေသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။ 

အောက်တိုဘာလ နောက်ဆုံးပတ်ကစခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ စစ်ကောင်စီတပ်စခန်းတွေဟာ တခုပြီးတခု အသိမ်းခံနေရပါတယ်။ မြောက်မြားစွာသော လက်နက်ခဲယမ်းမျိုးစုံ၊ တင့်ကား၊ ဟောင်ဝစ်ဇာနဲ့ မစ်ဇိုင်းပစ်ကားတွေကိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့တာပါ။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ အရာရှိယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများ။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ အရာရှိယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများ။

စစ်ဆင်ရေးအစပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက် အကျအဆုံးများပြားခဲ့ပေမယ့် အခုနောက်ပိုင်းကာလတွေမှာတော့ စခန်းလိုက်ထွက်ပြေးတာ၊ တပ်ရင်းလိုက်အလင်းဝင်တာတွေသာ လုပ်လာပါတော့တယ်။ 

နိုဝင်ဘာ ၁၅ ရက်ကဆိုရင် ကိုးကန့်ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒကစလောက်ကိုင်လက်အောက်ခံ ခလရ ၁၂၉ က တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ စစ်သည်အင်အား ၁၂၇ ယောက်နဲ့ တပ်မိသားစု ၁၃၄ ဦးဟာ တပ်ရင်းတခုလုံး အလင်းဝင်လာကြပါတယ်။ 

လက်ရှိမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ သုံးပတ်ကျော်ကြာလာတဲ့ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ နီးပါးသိမ်းပိုက်ထားပြီး ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်းလုံမြို့တွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ။

ဒီအခြေအနေမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ တန်ပြန်ထိုးစစ်တွေ လုပ်မယ်လို့ သူ့နောက်လိုက်တွေကို ဝါဒဖြန့်နေပေမယ့် တကယ့်လက်တွေ့မှာ ယတြာချေတာ၊ တပ်ရင်းတွေထဲ အန္တရာယ်ကင်း ပရိတ်ရွတ်တာတွေကိုသာ ဖိဖိစီးစီးလုပ်နိုင်ပါတယ်။ 

စစ်ကိုင်းနဲ့ မကွေးဘက်မှာလည်း လက်လုပ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အညာတော်လှန်ရေးသမားတွေရဲ့ ထိုးစစ်တွေအောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အလဲလဲအပြိုပြိုဖြစ်နေတယ်လို့ ဆိုရမှာပါ။ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာတွေ ရှိပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ပင်လည်ဘူးမြို့တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ ကောလင်းမြို့ကို ပြန်သိမ်းဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးတပ်တွေဟာ လမ်းတဝက်မှာ ကြားဖြတ်တိုက်ခံရတာကြောင့် အကျအဆုံးများပြီး ပြန်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရပါတယ်။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ တင့်ကား။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ တင့်ကား။

လက်ရှိမှာ ကောလင်းမြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မြို့အုပ်ချုပ်ရေးယန္တရားတွေ ပြန်လည်ပတ်ဖို့ ကြိုးစားနေကြပါပြီ။ 

အညာဒေသအပါအဝင် တခြားဒေသတွေက မြေပြင်စစ်ဆင်ရေးတွေမှာ စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းထက် လေကြောင်းကိုသာ အားကိုးတိုက်နေရတဲ့ အခြေအနေပါ။ 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်လေ့ရှိတဲ့ ကရင်နီပြည်နယ်(ကယား)မှာလည်း နိုဝင်ဘာ ၁၁ ရက်ကစလို့ တော်လှန်ရေးအင်အားစုတွေက ၁၁၁၁ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ရာ အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပါပြီ။  

အလားတူ နေပြည်တော်နဲ့ မိုင် ၁၀၀ ကျော်သာ ဝေးတော့တဲ့ မိုးဗြဲမြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ တင့်ကား။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ တင့်ကား။

နေပြည်တော်နဲ့ မိုင် ၅၀ ကျော်သာဝေးတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ရေတာရှည်မြို့နယ်အပါအဝင် တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင် စတဲ့ပဲခူးအရှေ့ခြမ်းက မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။  

 အထက်ပါ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ အသိမ်းခံနေရပြီး လက်နက်ချအလင်းဝင်တာတွေလည်း နေ့စဉ်လိုလို တွေ့နေရပါတယ်။ 

ချင်းပြည်နယ်မှာဆိုရင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ရိဒ်ခေါဒါရ်မြို့ကို သိမ်းပိုက်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးတွေ လုပ်ဖို့ စတင်နေကြပါပြီ။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ အတွဲလိုက်ပစ်ဒုံးတင်ယာဉ်။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ အတွဲလိုက်ပစ်ဒုံးတင်ယာဉ်။

ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၃ ရက်ကစပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေ ပြန်လည်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေဟာ ပြန်လည်တိုက်ခိုက်တာမျိုး မလုပ်နိုင်ဘဲ စခန်းထားပြီးထွက်ပြေးတာ၊ လက်နက်ချ အညံ့ခံတာတွေ လုပ်တာကြောင့် AA အနေနဲ့ တိုက်ခိုက်ခြင်းမပြုလုပ်ရဘဲ စစ်ကောင်စီရဲ့ လုံခြုံရေးရဲစခန်းတွေကို သိမ်းပိုက်နိုင်တာတွေ ရှိနေပါတယ်။ 

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက ရေပတ်လည်ဝိုင်းနေတဲ့ ပေါက်တောမြို့ကို AA တွေ သိမ်းပိုက်ထားပြီ ဟုဆိုကာ လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်မှုတွေဆက်တိုက်လုပ်ခဲ့တာကြောင့် မြို့ခံတွေဟာ မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ဒါ့အပြင် မြို့ပေါ်ကို စစ်ကြောင်းထိုးပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တွေ လုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

စစ်ကောင်စီဟာ လေကြောင်း၊ ရေကြောင်းကနေတိုက်ခိုက်ပြီး ပေါက်တောမြို့ကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သူတို့ရဲ့ မီဒီယာတွေမှာ တခမ်းတနား ဝါဒဖြန့်ထားပေမယ့် ရခိုင်ပြည်နယ်ရဲ့ တခြားမြို့တွေမှာတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေဟာ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ခြင်းကို ဆက်တိုက်ဆိုသလိုခံနေရတာပါ။ 

ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်။
ပုံစာ - ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်။

အခုဆိုရင် စစ်တွေမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးတွေဟာ နေပြည်တော်ကို ပြောင်းရွှေ့ပြေးသွားကြပြီဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ 

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ စစ်မျက်နှာစုံဖွင့်ခံထားရပြီး စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေရဲ့ ထိုးစစ်ကို ခံနေရကာ စစ်ကောင်စီတပ်သား သေဆုံးမှုနဲ့ လက်နက်ချအလင်းဝင်မှု အရေအတွက်ဟာလည်း နေ့စဉ်လိုလိုတိုးလာနေပါတယ်။  

ဒီလိုအောင်မြင်မှုတွေကို ရရှိဖို့ အသက်ပေးကာ ဖော်ဆောင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် လက်ရှိမှာ အဓိက လိုအပ်နေတာဟာ ပြည်သူလူထုရဲ့ ထောက်ပံ့မှု၊ ထောက်ပို့မှုပါ။ ဒီအခြေအနေကို ထိန်းထားနိုင်ဖို့၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ရှေ့ဆက်တိုးနိုင်ဖို့ဆိုတာ သင့်ရဲ့ ထောက်ပို့မှုဟာ မဖြစ်မနေ လိုအပ်နေပါတယ်။ 

ဒါကြောင့် ဒီလမှာရရှိလာမယ့် သင့်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို တော်လှန်ရေးရဲဘော်တွေအတွက် ထောက်ပို့ပေးရင်း သမိုင်းမှတ်တမ်းတင်မယ့် စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးကြီးမှာ ထောက်ပို့တပ်သားအဖြစ် ပါဝင်လိုက်ပါလို့ အရေးတော်ပုံအောင်မြင်ရေးကို ရှေ့ရှုလျက် ကျွန်ုပ်အနေနဲ့ အလေးအနက် တိုက်တွန်းလိုပါတယ်။ 

#မြေလတ်အသံ

#အတွေးအမြင်ဆောင်းပါး #ထောက်ပို့တပ်သား #တော်လှန်ရေး #စစ်အာဏာရှင်စနစ် #ချုပ်ငြိမ်းရေး #ဒီမိုကရေစီ #တိုက်ပွဲ #အောင်ပွဲ #နွေဦးတော်လှန်ရေး #အလိုရှိ #PDF #အရေးတော်ပုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10