သင်တန်းဆင်း PDF တွေ လက်တွေ့သင်ခန်းစာအဖြစ် ညောင်လေးပင်က စစ်တပ်ဂိတ်ကိုတိုက်ခိုက်မှု ၅ ဦးသေ သေနတ် ၅ လက်ရ

သင်တန်းဆင်း PDF တွေ လက်တွေ့သင်ခန်းစာအဖြစ် ညောင်လေးပင်က စစ်တပ်ဂိတ်ကိုတိုက်ခိုက်မှု ၅ ဦးသေ သေနတ် ၅ လက်ရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာနဲ့ ရေကြည်ချောင်းရွာအကြား ညောင်လေးပင်-မဒေါက်ကားလမ်းပေါ်က စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေတယ်လို့ Fire Dragon PDF အဖွဲ့တာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့မနက် ၃ နာရီခန့်မှာ အင်အား ၆ ဦးသာရှိနေတဲ့ မလူးတဲစစ်ကောင်စီဂိတ်ကို လျှပ်တစ်ပြက်ဝင်ရောက်တိုက်ခိုက်ကြရာ နှစ်ဖက်ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ဆီက သင်တန်းဆင်းရဲဘော်တွေ လက်တွေ့သင်ခန်းစာဆင်းတဲ့အနေနဲ့ ဝင်တိုက်ခဲ့ကြတာ။ အလောင်းကတော့ ၅ လောင်းတွေ့ခဲ့တယ်။ ၁ ကောင်ကတော့ ဝင်တိုက်တဲ့အချိန်ကတည်းက ထွက်ပြေးသွားတာ။ သူတို့လည်း ခံပစ်တယ်။ ခံပစ်လို့ ၁ နာရီလောက်ကြာသွားတာ။"လို့ Fire Dragon PDF အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲကို Fire Dragon PDF တပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF တွေအားလုံးဟာ မွမ်းမံသင်တန်းဆင်းထားသူတွေဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ MA 1 သေနတ် ၃ လက်၊ G3 သေနတ် ၂ လက်၊  လက်ပစ်ဗုံး ၁ လုံး၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၂ လုံး၊ MA ကျည်ဘောက် ၄ ခု၊ G3 ကျည်ဘောက် ၂ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ယခုတိုက်ခိုက်ခံရတဲ့ မလူးတဲစစ်ဆေးရေးဂိတ်က ၂၀၂၃ ကစတင်ကာ ဖွင့်လှစ်ထားတာဖြစ်ပြီး လမ်းသွား၊လမ်းလာတွေကို စစ်ဆေးမှုတင်းကျပ်တဲ့ဂိတ်ဖြစ်သလို ရေကြည်ချောင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပုဇွန်မြောင်းကျေးရွာ စစ်ကောင်စီဂိတ်တွေနဲ့ ၁ မိုင်သာကွာဝေးတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်နေချိန်အတွင်း အဆိုပါစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဘက်ကနေ လက်နက်ကြီးပစ်ကူပေးတာတွေရှိနေလို့ သေနတ်တွေသာကောက်ယူပြီး ပြန်လာကြရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၂ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာအနီးရှိ စာသင်ကျောင်းကာကင်းနဲ့ နွားသတ်ရုံအနီးရှိ စစ်ကောင်စီနဲ့ပျူကင်းပုန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့သေးတယ်လို့ Fire Dragon PDF အဖွဲ့ထံက သိရပါတယ်။

ပုံစာ  - စစ်ကောင်စီတပ်ဂိတ် တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ညောင်လေးပင် #သင်တန်းဆင်းရဲဘော် #တိုက်ပွဲ #စစ်တပ်ဂိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10