"သင် သွားလိုရာ သွားနိုင်သည်" ဆိုတဲ့ အမိန့်ပြန်စာက ကျနော်တို့ကို ရက်စက်လွန်းတယ် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် Southern Yesagyo PDF က ကျဆုံးသွားတဲ့ ရဲဘော် ၈ ဦးအတွက် မေလ ၃၁ ရက်မှာ ဆွမ်းသွပ်တရားနာ ရေစက်ချအမျှ‌ ပေးဝေခဲ့ကြပါတယ်။

ကျဆုံးရဲဘော် ၈ ဦးထဲမှာ ၃ ဦးကိုတော့ ကျဆုံးစဉ်မှာ ရေစက်ချ တရားနာပြုလုပ်ပေးခဲ့ပြီး ကျန်ရဲဘော် ၅ ဦးကိုတော့ သူတို့ကျဆုံးသွားပြီးကတည်းက မလုပ်ပေးရသေးတဲ့အတွက် အခုမှ လုပ်ပေးနိုင်တယ်လို့ ဗိုလ်အောင်မောင်းက မြေလတ်အသံကို ပြောပါတယ်။

ကျဆုံးရဲဘော်တွေထဲက ၃ ဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်ရခဲ့ပြီး ၅ ဦးကိုတော့ စစ်ကောင်စီက ဖမ်းဆီးသွားတဲ့အတွက် အသက်ရှင်လား၊ အသတ်ခံလိုက်ရပြီးလား ဆိုတာမသိရဘဲ သူတို့တွေ ပြန်လာနိုးနိုးနဲ့ စောင့်နေရင်းနဲ့မှ နောက်ပိုင်းမှာ စစ်ကြောရေးရောက်ပြီး အသတ်ခံခဲ့ရတာကြောင့် သူတို့ကို အမိန့်စာ မပြန်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးရဲဘော်တွေဟာ ၂၀၂၂၊ ၂၀၂၃ ခုနှစ်အတွင်းက စခန်းသိမ်းခံရစဉ် ပစ်ခတ်သတ်ဖြတ်ခံရတာ အပါအဝင်၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရတာနဲ့ မိုင်းထုတ်လုပ်စဉ် မတော်တဆ ထိခိုက်မှုဖြစ်ရာကနေ ကျဆုံးခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

Southern ရေစကြိုအဖွဲ့က အခုအချိန်ထိ ကျဆုံးရဲဘော် ၈ ဦးရှိနေပြီး ရဲဘော် ၃ ဦးကိုတော့ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ထုံးထမ်းအစဉ်အလာအရ ကျဆုံးရဲဘော်တွေအတွက် ဆွမ်းသွပ်တရားနာ ရေစက်ချတာတွေကို ပြုလုပ်ပေးတာဖြစ်ပေမယ့် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုတော့ မဖိတ်ကြားခဲ့ဘူးလို့ ဗိုလ်အောင်မောင်းက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေ ကျဆုံးတိုင်း "သင်သွားလိုရာ သွားနိုင်ပါပြီ၊ သင်သည် ဒီနေ့ကစပြီး ဤအဖွဲ့အစည်းနဲ့ မသက်ဆိုင်တော့ပါ" ဆိုတဲ့ စကားကို ကြားရတာဟာ သူတို့အတွက် ရင်နဲ့အမျှခံစားရတယ်၊ နာကျည်းရတယ်၊ ဒီစကားလုံးဟာ သူတို့အတွက် အထိုးနှက်ဆုံး၊ အရက်စက်ဆုံး စကားလုံးဖြစ်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #Southern Yesagyo PDF #ကျဆုံးရဲဘော်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10