သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်အပါ လက်နက်အများအပြားရ

သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဖက်က ၁၅ ဦးသေ၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်အပါ လက်နက်အများအပြားရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ သစ်ချဆိပ်စခန်းကို ကာကွယ်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ခမရ ၄၃၉၊ ခလရ ၆၀၊ ခမရ ၃၅၀၊ ခမရ ၃၅၁ တပ်ရင်းတွေ အထိုင်ချတဲ့ စခန်းကို စခန်းသိမ်းတိုက်ပွဲစတင်ခဲ့ပြီး စက်တင်ဘာ ၁ ရက် ညနေ ၅နာရီလောက်မှာတော့ စခန်းကိုစီးနိုင်ခဲ့ကာ စခန်းသိမ်းတိုက်ပွဲကို ၂ ရက်ကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပထမနေ့က စခန်းတဝက်သိမ်းနိုင်တယ်၊ မနေ့က မနက်ကျ စစ်ကူ ၁၀၀ နီးပါးတက်လာချိန် ကြားဖြတ်တိုက်တာ ၆ ကောင်ထပ်ကျတယ်။ စစ်ကူထပ်လာတာ လမ်းမှာတင် ပစ်ခံရပြီး ပြန်ဆုတ်တာ၊ သေတဲ့အထဲ အကောင်ကြီးလည်း ပါတယ်ကြားတယ်"လို့ မြေပြင်ရှိ ဒေသကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေကာ အလောင်းတွေကိုတော့ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင် သင်္ဂြိုဟ်ခဲ့ကြပြီး တိုက်ပွဲအတွင်းစစ်ကောင်စီထံက ငါးကြင်းမြီးစက်လတ် ၁ လက်၊ ဘီအေ ၁၀၀ စိန်ပြောင်း ၂ လက် ၊ MA 4 ၂ လက်  ၊ MA 1 ၂ လက်၊ MA 3 ၂ လက် အပါအဝင် လက်နက်ငယ်အများအပြားနဲ့ စိန်ပြောင်းဗုံးသီးတွေအပါအဝင် ခဲယမ်းအများအပြားလည်း ရရှိတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ စက်လတ် ၁ လက်နဲ့ လက်နက်ငယ်တွေအပါ စုစုပေါင်း ၁၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း  ရဲဘော် ၂ဦး သေဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA၊ ဒေါင်းဖြူစစ်ကြောင်း၊ နွေဦးစစ်သည်တော်များစစ်ကြောင်;၊ ရိုးမစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #KNLA #PDF #စခန်းသိမ်းတိုက်ပွဲ #ခမရ၄၃၉ #ခမရ၃၅၀ #ခမရ၃၅၁ #ခလရ၆၀ #သစ်ချဆိပ်စခန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10