သတင်းပေါက်ကြားမှုနဲ့ ဟန်လင်းကျေးရွာသားတွေကို စစ်ကောင်စီက ခြိမ်းခြောက်

သတင်းပေါက်ကြားမှုနဲ့ ဟန်လင်းကျေးရွာသားတွေကို စစ်ကောင်စီက ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာအတွင်း နေထိုင်သူတွေကို စစ်တပ်က ခြိမ်းခြောက်မှုတွေ ပြုလုပ်နေလို့ ကြောက်လန့်တကြားနေထိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"သူတို့ဝင်တိုက်ခံလိုက်ရတော့ သတင်းပေါက်လို့ဆိုပြီး ရွာမှာနေတဲ့သူတွေကိုမဲတာ။ ငါကိုင်တုတ်ပြီး အကုန်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ရှေ့မှာ ရွာထဲကအခြေအနေကိုပြောလို့ဆိုပြီး တယောက်သတ်ထားတော့ အကုန်ကြောက်နေရတာ။" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက Generation Z Power အဖွဲ့နဲ့ မန္တလေးကတပ်ရင်းတွေ စုပေါင်းပြီး ဟန်လင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ဒီလိုတိုက်ခိုက်ခံရမှုအပြီးမှာ စစ်တပ်က အင်အားတွေဖြည့်တင်းပြီး ကျေးရွာအတွင်းနေထိုင်သူတွေကို ခြိမ်းခြောက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင်လ ဒုတိယအပတ်ထဲမှာလည်း ကျေးရွာမှာနေထိုင်နေတဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံသူ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတဦးက ဖုန်းပြောစဉ်မှာ စစ်ရေးအခြေအနေကိုပြောလို့ဆိုပြီး စစ်ကောင်စီက ပစ်သတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ရွာထဲဝင်နေကြတာက ကြံ့ခိုင်ရေးထောက်ခံသူအများစု ဝင်နေကြတာ။ အသတ်ခံရတဲ့ အမျိုးသမီးကြီးက သူ့သား၊ သမီးတွေက ရွေးကောက်ပွဲတုန်းကဆို စိမ်းလိုက်တာ တနယ်လုံးအသိပဲ။ သူကိုယ်တိုင်လည်း အစိမ်းပဲ။ အခုက သူ့ဆွေမျိုးတွေနဲ့ ဖုန်းပြောတဲ့အချိန် အလာပသလာပပြောရင်း စစ်တပ်အကြောင်းပါလို့ဆိုပြီး သတ်ပစ်လိုက်တာတဲ့ " လို့ ဝက်လက်မြို့နယ်က ဒေသခံတဦးကလည်းပြောပါတယ်။

ဟန်လင်းကျေးရွာကို စစ်တပ်ကပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်ကလည်း အင်အား ၁၀၀ ကျော်ဖြင့်တပ်စွဲလိုက်ပြီး အဲ့ဒီတုန်းက ရှောင်တိမ်းနေရတဲ့ ကျေးရွာသားတွေကို ရွာထဲပြန်ဝင်ပြီးနေထိုင်ဖို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေနဲ့ ဝင်ထွက်ကဒ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဟန်လင်းကျေးရွာအတွင်းမှာ မြို့ကိုးမြို့ဆိုပြီး ရပ်ကွက်ကြီး ၉ ခုရှိကာ ဒေသခံသောင်းနဲ့ချီရှိပြီး အများစုကစစ်တပ်တပ်စွဲပြီးနောက်ပိုင်း တောစပ်တွေမှာ တဲထိုးနေထိုင်နေကြတယ်လို့သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #ဟန်လင်း #ရှေးဟောင်းအမွေနှစ်နယ်မြေ #ဒေသခံ #စစ်ကောင်စီ #အကြမ်းဖက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10