သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိပါးသော တာဝန်ယူမှုနှင့်တာဝန်ခံစေမှုစနစ် (အယ်ဒီတာ့အာဘော်)

သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိပါးသော တာဝန်ယူမှုနှင့်တာဝန်ခံစေမှုစနစ် (အယ်ဒီတာ့အာဘော်)

လာမည့် မေလ ၃ ရက်နေ့သည် "ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့" (World Press Freedom Day) ဖြစ်သည်။ ၁၉၉၃ ခုနှစ်ကနေ ပြန်လည်ရေတွက်ကြည့်ပါက ၃၁ ကြိမ်မြောက် အထိမ်းအမှတ်နေ့အဖြစ် တကမ္ဘာလုံးက ကျင်းပကြဦးမည်။ 

ထိုသို့ကျင်းပကြမည့်နိုင်ငံများတွင် မြန်မာနိုင်ငံသည် အနှစ်သာရရှိစွာ မပါဝင်နိုင်တော့ပါ။ အထူးသဖြင့် လွတ်လပ်ပြီးအမှီခိုကင်းသည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများနှင့် သတင်းသမားများသည် ထိုနေ့ကို မြန်မာနိုင်ငံတွင် ကျင်းပခွင့်ရကြမည် မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားများသည် သတင်းလွတ်လပ်ခွင့်နှင့်အတူ စစ်တပ်အာဏာသိမ်းထားမှုအောက်မှ မြန်မာနိုင်ငံသူနိုင်ငံသားများ လွတ်လပ်ခွင့်ရရေးကို အားသွန်ခွန်စိုက်ကြိုးစားနေကြရ၍ ဖြစ်သည်။

သတင်းမီဒီယာသမားများသည် လူထုထဲကလူများဖြစ်ရာ မြန်မာနိုင်ငံအာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဖိနှိပ်ခံရမှု၊ ကန့်သတ်မှုများအောက်တွင် အများနည်းတူခံစားခဲ့ရပြီး သတင်းသမားများဖြစ်သည့်အတွက် ပို၍ပင်ဖိနှိပ်ချုပ်ချယ် ကန့်သတ်ခံခဲ့ရပြီး ဖမ်းဆီးနှိပ်စက် ထောင်ချသတ်ဖြတ်ခံရမှုများအထိပါ ခံခဲ့ရသည်။

သို့သော်လည်း သတင်းမီဒီယာသမားများသည် အထိုက်အလျောက် လွတ်လပ်စွာသတင်းရေးခွင့်ရှိမည့် နေရာများကို တိမ်းရှောင်ကာ အများပြည်သူသိခွင့်ရှိသည့် သတင်းများကို ခက်ခဲစွာရေးသားဖော်ပြလျှက် ရှိသည်။

ယင်းသို့လှုပ်ရှားသွားလာ ရေးသားတင်ဆက်နေကြရာတွင် ပြည်ပနှင့် နယ်စပ်မျဉ်းများပေါ်တွင်လည်းကောင်း ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စိုးမိုးအုပ်ချုပ်ရာ တော်လှန်ရေးနယ်မြေများတွင်လည်းကောင်း ခိုလှုံနေထိုင်သတင်းရေးသားနေကြရသည်မှာ ၃ နှစ်သို့တိုင် ကျော်ခဲ့ပြီဖြစ်သည်။

စစ်အာဏာရှင်၏မတရားမှုများကို မြန်မာသာမက ကမ္ဘာကပါ သိနိုင်ရေး ရေးသားဖော်ထုတ်ကြရာတွင် တိုင်းရင်းသား လွတ်မြောက်နယ်မြေများသည် သတင်းမီဒီယာသမားများအတွက် အားကိုးအားထားရာ ဖြစ်သလို သတင်းဌာန၊ သတင်းခန်းများသဖွယ်လည်းဖြစ်သည်။ တကယ်တမ်းလည်း အကာကွယ်ပေးစောင့်ရှောက် ကူညီမှုများရှိခဲ့သည် ရှိနေသည်ဆိုတာ ငြင်းပယ်လို့ မရပေ။

သို့ရာတွင် ဧပြီလ ၁၆ ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှတ်ကြားချက်နှင့် ဧပြီလ ၂၁ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ထုတ်ပြန်သော သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ ကျင့်ဝတ်စည်းကမ်းများတွင် ပါဝင်သော အချက်အလက်တချို့သည် သတင်းသမားများ၏ သတင်းလွတ်လပ်ခွင့်နှင့် သတင်းရယူခွင့်ကို ကန့်သတ်ချုပ်ချယ်ထားသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်များထုတ်ပြန်ပြီး မရှေးမနှောင်းဆိုသလိုပင် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA မှ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) သို့ အိတ်ဖွင့်ပေးစာထုတ်ကာ ညွှန်ကြားချက်ပါ အချက်အချို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ရုတ်သိမ်းခြင်းတို့ ပြုလုပ်ပေးရန်နှင့် သတင်းသမားများ လုံခြုံရေးအာမခံချက်ပေးဖို့ ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်းခဲ့သည်။

အလားတူ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM ကလည်း IEC, KNU တို့၏ထုတ်ပြန်ချက် များနှင့်ပတ်သက်ပြီး သတင်းမီဒီယာ လွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများအား လေးစားပြီး ကျင့်သုံးရန် အလေးအနက်တိုက်တွန်းကြောင်း ကြေညာချက်ကို ဧပြီလ ၂၆ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည်။

သတင်းသမားများကလည်း ထုတ်ပြန်ချက်တွေအပေါ် စိုးရိမ်ကြကြောင်းနှင့် ကန့်သတ်မှုများကို မေးခွန်းထုတ်ဆွေးနွေးရေးသားမှုများ အသီးသီးပြုလုပ်ခဲ့ကြသည်။

သတင်းမီဒီယာ၏ အခြေခံသဘောများနှင့် သတင်းသမားများတွင်လည်း လိုက်နာကျင့်သုံးရန် ကျင့်ဝတ်စည်းကမ်းများ ယခင်ကတည်းက ရှိထားပြီးဖြစ်သလို လိုက်နာကျင့်သုံးနေကြသည်။ ဆိုခဲ့သလို IEC, KNU တို့၏ထုတ်ပြန်ချက်ပါ အချက်အလက်အချို့မှာလည်း သတင်းမီဒီယာကျင့်ဝတ်ပါ အချက်များနှင့် သဘောအဓိပ္ပာယ် အတူတူပင်ဖြစ်သည်။

ထို့ကြောင့် IEC နှင့် KNU တို့သည် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်၊ ကျင့်ဝတ်စည်းကမ်းများအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်ရန် လိုအပ်ပေမည်။ မတရားမှုကို တွန်းလှန်ကြသည့် ဘုံရည်မှန်းချက်တူသူ အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် သက်ဆိုင်ရာကျွမ်းကျင်ပိုင်နိုင်သည့်နယ်ပယ်များအကြား ထိန်းချုပ်ကန့်သတ်မှုကို ရှောင်ရှားကာ တာဝန်ယူမှုတာဝန်ခံမှုတို့ဖြင့်သာ ညှိုနှိုင်းအဖြေရှာအပ်ပေသည်။

လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် - ၁၉ တွင် လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်။ သတင်းများရယူနိုင်သည် ဟုဆိုထားသည်။ ထို့အချက်သည် သတင်းသမားများအတွက်သာမက လူတယောက်စီတိုင်းအတွက် လူအဖြစ်ကိုရလာသည်နှင့် ရပိုင်ခွင့်ရှိသည့် အခြေခံအကျဆုံး အချက်ပင်ဖြစ်သည်။

လွတ်လပ်ခွင့်ဆိုရာတွင်လည်း ရမ်းကားခွင့်နှင့် ထင်ရာစိုင်းခွင့်ကို ဆိုလိုရာမဟုတ်သည်ကို အားလုံး သဘောပေါက်နားလည်ရမည် ဖြစ်သည်။ မိမိ၏လွတ်လပ်ခွင့်ကို တောင်းဆိုတိုက်ပွဲဝင်ကြရာတွင် တခြားသူ၏ လွတ်လပ်ခွင့်ကိုလည်း မထိပါးစေရန်မှာ မည့်သည့်နယ်ပယ်တွင်မဆို ကျင့်သုံးကြရမည့် တာဝန်ယူမှုတာဝန်ခံမှုပင် ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် ရည်မှန်းဖော်ဆောင်ကြခြင်းနှင့် လွတ်မြောက်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ကြရာတွင် အမှီခိုကင်းသော သတင်းမီဒီယာများအတွက် လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်များကို အားပေးမြှင့်တင်ဖို့ တိုက်တွန်းလိုသည်။

အချုပ်အားဖြင့် ဆိုရသော် သတင်းမီဒီယာများ၏အလုပ်သည် တဦးတဖွဲ့တပါတီ၏အကျိုးစီးပွားထက် အများပြည်သူအကျိုးစီးပွားကို ရှေးရှုဦးတည်ရသည်။ အများပြည်သူ အကျိုးပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည့် လူတစုတဖွဲ့၏ အကျိုးစီးပွားနှင့်ဆက်နွယ်သော ဖုံးကွယ်ထားမှုများကို သတင်းမီဒီယာက ထုတ်ဖော်ရေးသား ဖော်ပြရသည်မှာ သတင်းမီဒီယာ၏ အလုပ်ဖြစ်သည်။ 

တဖက်တွင်လည်း လူနည်းစုများ၏ အခွင့်အရေးကိုလည်း တန်ဖိုးထားရမည်ဖြစ်သလို ကိုယ်စီကိုယ်စီ တာဝန်ယူမှုတာဝန်ခံမှု ရှိရှိဖြင့် တရားမျှတလွတ်လပ်သော လူမှုအသိုက်အဝန်းကို ပူးပေါင်းဖော်ဆောင် နိုင်ကြပါစေကြောင်း မြေလတ်အသံသတင်းဌာနက တိုက်တွန်းရေးသားလိုက်ရပါသည်။

#မြေလတ်အသံ

#အယ်ဒီတာ့အာဘော် #သတင်းမီဒီယာ #သတင်းလွတ်လပ်ခွင့် #တာဝန်ယူမှု #တာဝန်ခံမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10