သတ်မှတ်ဈေးထက် ပိုရောင်းတယ်ဆိုကာ ဆန်လုပ်ငန်းရှင်တွေနဲ့ နာမည်ကြီးဈေးဝယ်စင်တာဦးဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

သတ်မှတ်ဈေးထက် ပိုရောင်းတယ်ဆိုကာ ဆန်လုပ်ငန်းရှင်တွေနဲ့ နာမည်ကြီးဈေးဝယ်စင်တာဦးဆောင်သူတွေကို စစ်ကောင်စီဖမ်းဆီး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်တဲ့ သတ်မှတ်ဆန်ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချလို့ ဆန်လုပ်ငန်းရှင် ၅၀ ကျော်နဲ့ နာမည်ကြီးဈေးဝယ်စင်တာတွေအပါအဝင် စတိုးဆိုင်နဲ့ဈေးဝယ်စင်တာ ၅၀ ကျော်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီက ဇွန် ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေအပါအဝင် မြို့ကြီးတွေက ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ ဈေးဝယ်စင်တာ၊ စတိုးဆိုင်တွေမှာ သတ်မှတ်ဈေးနှုန်းတွေအတိုင်း မရောင်းချဘဲ ဈေးနှုန်းမြင့်တင်ရောင်းချနေတာကို သတင်းရရှိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သတ်မှတ်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်း အမြတ်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ ၁၁ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသူ ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးနဲ့ ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချသူ လုပ်ငန်းရှင် ၇ ဦး ကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဆန်စပါးအသင်းချုပ်သတ်မှတ်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချတဲ့ စတိုးဆိုင် ၁ ဆိုင်၊ ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရောင်းချတဲ့ စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာ ၃၀၊ ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းတဲ့ ဈေးဝယ်စင်တာ ၂၂ ခု ကို ဖမ်းဆီးထားတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဖမ်းဆီးထားသူတွေအနက် ၅၀ ရာခိုင်နှုန်းအောက်အမြတ်တင်ရောင်းချတဲ့  ဆန်စပါးလုပ်ငန်းရှင်၊ စတိုးဆိုင်နဲ့ ဈေးဝယ်စင်တာတွေကို ရရှိတဲ့အကျိုးအမြတ်တွေအပေါ် ဒဏ်ကြေးနဲ့ အခွန်စည်းကြပ်မှုကိုမြှင့်တင်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 

 

၅၀ ရာခိုင်နှုန်းအထက်အမြတ်တင်ရောင်းချတဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးနဲ့ စျေးဝယ်စင်တာ ၂၂ ခုက တာဝန်ရှိသူ ၄ ဦးကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ အရေးယူမယ်လို့လည်း ဖော်ပြပါတယ်။

 

စစ်ကောင်စီရဲ့ထုတ်ပြန်ဖော်ပြချက်အရ အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နဲ့ ဖမ်းဆီးအရေးယူမယ်ဆိုသူတွေထဲမှာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးက ဆန်လုပ်ငန်းရှင်တွေပါဝင်ပြီး နာမည်ကြီးဈေးဝယ်စင်တာတွေဖြစ်တဲ့ One Stop Mart၊ စိန်ဂေဟာ၊ City Mart၊ Aeon Orange ဈေးဝယ်စင်တာရဲ့ ဦးဆောင်သူတွေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#ဆန်စပါး #သတ်မှတ်ဈေး #ဈေးနှုန်း #စစ်တပ် #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10