သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေပြီး ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်အနီးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ ၄ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၈ ရက်မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ နတ်လူထိပ်ပန်ရပ်ကွက်၊ ညောင်ပင်စောင့်အပိုင်းကို သန်းခေါင်စာရင်းကောက်ဖို့ လမ်းလျှောက်လာကြတဲ့ ရဲ၊ စစ်သား၊ ကညနဝန်ထမ်းတွေနဲ့ ဆရာမတွေအပါ အင်အား ၁၀၀ ခန့်ပါအဖွဲ့ကို ပဒေသာမိုင်း ၅ လုံး တပွိုင့်ဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"သန်းခေါင်စာရင်းကောက်ဖို့ အတန်းလိုက်လာတဲ့အချိန်မှာ ကျနော်တို့ဘက်က မိုင်းဆွဲခဲ့တာ။ ကျနော်တို့ဘက်က မိုင်းပဲဆွဲလိုက်တာ။ သူတို့ဘက်က အထိနာသွားတော့ ဒီကောင်တွေ ဂန်းတွေနဲ့မတရားဖောက်ပြီး ပွိုင့်ဆွဲတဲ့ကလေးတွေကို လိုက်ပစ်တာရှိတယ်။ "လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဘာမထီက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ကာကွယ်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိပြန်ဆုတ်လာနိုင်ခဲ့ပြီး သန်းခေါင်စာရင်းကောက်စစ်ကောင်စီအဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှုတွေကိုသိရဖို့ ဒေသခံသတင်းပေးတွေဆီ စုံစမ်းမှုပြုလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံသတင်းပေးတွေရဲ့ သတင်းပေးပို့ချက်အရ မိုင်းထိလို့ ရဲ ၂ ဦးက နေရာတင်သေဆုံးပြီး စစ်သားနဲ့ သန်းခေါင်စာရင်းကောက်အဖွဲ့ဝင် ၄ ဦးခန့် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးထိခိုက်သွားသူတွေကိုတော့ စစ်ကောင်စီအဖွဲ့က အိမ်စီးကားတွေနဲ့သယ်ဆောင်ပြီး မုံရွာဆေးရုံကို ပို့ဆောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဘာမထိတော်လှန်ရေးတပ်ဖွဲ့၊ Yinmarbin District. No.9 Regiment အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မေ ၃၀ ရက်ကလည်း မုံရွာမြို့၊ ရွှေဇလုတ်ရပ်ကွက်နဲ့ ကမ္မကျေးရွာအကြား မြို့ရှောင်လမ်းမှာ အိမ်စီးကား၊ အရပ်ဝတ်နဲ့ ကင်းပတ်နေတဲ့ရဲ ၄ ဦးပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီအဖွဲ့ #တိုက်ခိုက်ခံရ #သန်းခေါင်စာရင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10