သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ စခန်းမှူးအပါ ရဲ ၂ ဦးဒဏ်ရာရ

သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ စခန်းမှူးအပါ ရဲ ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျွန်းချောင်းကျေးရွာမှာ သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီး စခန်းမှူးအပါ ရဲ ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် ညနေ ၃ နာရီခွဲမှာ ကျောက်တံခါးမြို့မရဲစခန်းမှူးအပါ အင်အား ၃၀ ကျော်ပါ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့က ကားနဲ့လာချိန် မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။

"မိုင်းဆွဲခံရတယ်လို့တော့ သိရတယ်။ ၂ ယောက်ထိတယ်။ နယ်ထိန်း ၁ ယောက်နဲ့ စခန်းမှူးက နည်းနည်းထိတယ်။ စခန်းမှူးကတော့ အသစ်ရောက်တာ မကြာသေးဘူး။"လို့ ကျောက်တံခါးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။ 

မိုင်းဆွဲခံရလို့ ကျောက်တံခါးမြို့မရဲစခန်းမှူး လက်ထိခိုက်ဒဏ်ရာရပြီး နယ်ထိန်းက ခြေထောက်ဒဏ်ရာရခဲ့ကာ မိုင်းပေါက်ကွဲပြီးနောက်မှာတော့ သန်းခေါင်စာရင်းကောက်ယူတဲ့အစီအစဥ်ကို ရပ်ပြီး မြို့ပေါ်ကိုပြန်လှည့်သွားကြတယ်လို့ သိရပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်တာကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

အောက်တိုဘာ ၇ ရက်ကတော့ ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်ယူရေးလုပ်နေသူ၊ စာရင်းကောက် လုပ်ငန်းစဥ်အားလုံးမှာ ပါဝင်နေသူတွေကို ထိရောက်စွာ အရေးယူသွားမယ်ဆိုပြီး ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားခဲ့ပါသေးတယ်။ 

ပုံစာ - ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တခုမှာ စစ်ကောင်စီအဖွဲ့ သန်းခေါင်စာရင်းကောက်ယူနေစဥ်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #သန်းခေါင်စာရင်းကောက် #စစ်အုပ်စု #မိုင်းဆွဲခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10