သပိတ်ကျင်းမှာ တရက်တည်း သင်္ကန်းဝတ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး အသတ်ခံရ

သပိတ်ကျင်းမှာ တရက်တည်း သင်္ကန်းဝတ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ဇွန်လ ၁၄ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်က သင်္ကန်းဝတ် ၁ ဦးနဲ့ အမျိုးသား ၂ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

အသတ်ခံရသူတွေဟာ မန္တလေး-ဗန်းမော်ကားလမ်းဘေး ကိုးပင်ကျေးရွာမှာ တပါးတည်း နေထိုင်တဲ့ အသက် ၆၀ ခန့်အရွယ် ဦးဇင်း မြင့်ဦး၊ လက်ပန်းကုန်းနဲ့ ဆယ်ဇင်းကုန်းကျေးရွာတွေမှာနေထိုင်တဲ့ အ သက် ၅၅ နှစ် ဝန်းကျင် ဦးဟန်ညွန့်နဲ့ ဦးမောင်သောင်းတို့ ဖြစ်ကြကာ သူတို့ ၂ ဦးဟာ အဲ့ဒီ ၂ ရွာအကြားမှာ ပစ်ခတ်ခံခဲ့ရတာလို့  ဆိုပါတယ်။

"မနေ့က ဖြစ်စဥ် ၃ ခုဖြစ်ခဲ့တယ်။ သေသွားတဲ့ဘုန်းကြီးက အုပ်ကြီးလုပ်မယ်ဆိုပြီး စကစဆီက သေနတ် ယူထားတယ်လို့သိရတယ်၊ စကစတွေနဲ့ဆက်စပ်မှုရှိလို့ သတ်ခံရတာလို့ သိရတယ်။ အမျိုးသား ၂ ယောက် သေဆုံးတာမှာတော့သတင်း ၂ မျိုးထွက်နေတယ်။ သူတို့တွေကိုကျတော့ နေအိမ်တွေကနေခေါ်ထုတ်သွားပြီး လမ်းမှာ သတ်သွားတာ" လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တခုရဲ့  တာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။


ကိုးပင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟာ ၎င်းရဲ့သား ပျူစောထီးအဖွဲ့ဝင်ဖြစ်သူကို PDF တွေဘက်က ရှင်းလင်းလိုက်ပြီးတဲ့နောက်  အုပ်ချုပ်ရေးမှူးနေရာကနေ နှုတ်ထွက်လိုက်ကာ အဲ့ဒီလစ်လပ်နေတဲ့ အုပ်ချုပ်ရေးမှူးနေရာကို ဦးဇင်း မြင့်ဦးက လုပ်ဆောင်မည်ဆိုကာ  စစ်ကောင်စီနဲ့ပေါင်းသင်းနေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ရွာခံအမျိုးသား ၂ ဦးသတ်ဖြတ်ခံရမှုမှာတော့  စစ်ကောင်စီနဲ့ပတ်သက်သူမဟုတ်ဘဲ သာမန်ပြည်သူတွေ ဖြစ်တယ်လို့ သတင်းတွေထွက်နေသလို စစ်ကောင်စီနဲ့ပတ်သက်လို့ သတ်ခံရတယ်လို့လည်း သတင်းတွေထွက်နေပေမယ့် မြေလတ်အသံက အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

ဒီသတ်ဖြတ်မှုတွေကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသလို တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သပိတ်ကျင်းမှာ ရဟန်းတပါးနဲ့ ရွာသား ၂ ဦး အသတ်ခံရပြီး အဲ့ဒီသတ်ဖြတ်မှုတွေကို PDF တွေလုပ်ဆောင်တယ်လို့ စွပ်စွဲဖော်ပြထားတာတွေ့ရပါ တယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ညက သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင်ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ပုဆိုသူ ဟာ နေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #လူသတ်မှု #ပျူစောထီး #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10