သပိတ်ကျင်းမှာ PDF ၁၀ ဦးထက်မနည်း လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲသေဆုံးတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

သပိတ်ကျင်းမှာ PDF ၁၀ ဦးထက်မနည်း လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲသေဆုံးတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာမှာ PDF တွေ လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ ၁၀ ဦးထက်မနည်း သေဆုံးတယ်ဆိုတဲ့ သတင်းအမှား ပျံ့နှံ့ခဲ့ပါတယ်။

“မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းရွာအကြမ်းဖက်အဖျက်သမားပဒပ်များ လက်လုပ်မိုင်းလုပ်ရင်းပေါက်ကွဲမှုဖြစ်ပွား 10ဦးထက်မနည်း သေ ဆုံးကြောင်း သတင်းရရှိပါသည်။ (မူရင်းရေးသားချက်အတိုင်း) “  ဆိုကာ ပြိုကျပျက်စီးနေသော အိမ်အဆောက်အဦပုံ ၂ ပုံနဲ့တကွ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Subscribers ၂၆,၀၀၀ ကျော်ရှိ KO CHIT (MDY) တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာ ၅ ရက် နေ့လယ် ၁ နာရီ ၄၁ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၆ ရက် ဒီကနေ့မနက်ပိုင်း အထိ Views ၈,၅၀၀ ကျော်၊ Reaction ၃၁၇ ခုနဲ့ Comments ၄ ခုရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

https://archive.ph/tWBsu

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

သတင်းမှားဖော်ပြမှုမှာ အသုံးပြုထားတဲ့ ဓာတ်ပုံ ၂ ပုံကို ဓာတ်ပုံရာဇဝင်ရှာဖွေခြင်းနည်း “ Reverse Image Search “ ဖြင့် ထည့်သွင်းရှာဖွေကြည့်ခဲ့ရာ အဆိုပါဓာတ်ပုံ ၂ ပုံမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့လယ်ပိုင်းက သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့လူနေအိမ်ဓာတ်ပုံတွေဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတွေကနေ ဇရပ်ကွင်းကျေးရွာနဲ့ပတ်သက်ပြီး ဖော်ပြချက်တွေမှာ PDF တွေ လက်လုပ်မိုင်းလုပ်ဆောင်ရင်းပေါက်ကွဲသေဆုံးတဲ့သတင်းကိုမတွေ့ရှိရဘဲ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကြောင်း ဖော်ပြထားတာကိုသာ တွေ့ရှိရပါတယ်။

သပိတ်ကျင်းက PDF သိမ်းထားတဲ့ ဇရပ်ကွင်းရွာကို စစ်အုပ်စုက ညအချိန် ဗုံးကြဲမှု ပြည်သူ သုံးဦးသေဆုံး၊ PDF ကိုကြိုဆိုလို့ ဗုံးကြဲသတ်တာလို့ ဆိုပြီး စစ်အုပ်စု အောင်ပွဲခံကြောင်း MFP မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးကြောင်း Khit Thit Media မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မန္တလေးတိုင်း မြို့နယ်သုံးခုတွင် စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ ပြည်သူ ၇ ဦးသေဆုံးကြောင်း People's Spring မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် သတင်းဖော်ပြချက်  - သတင်းကြည့်ရန်

ဒါကြောင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာမှာ PDF တွေ လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ ၁၀ ဦးထက်မနည်း သေဆုံးတယ်ဆိုတဲ့ သတင်းမှာမှန်ကန်မှုမရှိဘဲ ဩဂုတ် ၃၁ ရက်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်ရာမှာ ပျက်စီးခဲ့ရတဲ့ နေအိမ်တချို့ရဲ့ ဓါတ်ပုံကိုအသုံးပြုထားတဲ့ သတင်းအမှားတခုသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ဝေနေတဲ့ KO CHIT (MDY) Telegram Channel ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ Telegram Channel တခုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

KO CHIT (MDY) Telegram Channel - https://archive.ph/gJUMa

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းတု၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ အုပ်စုဖွဲ့ထုတ်လွှင့်နေပြီး စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးရဲဘော်တွေသေဆုံးကြောင်း သတင်းတွေလုပ်ကြံရေးသားကာ ၎င်းတို့ကို ထောက်ခံအားပေးနေသူတွေ စိတ်အားတက်ကြွအောင် ဖန်တီးလုပ်ဆောင်လေ့ရှိပါတယ်။

အခုဖြစ်စဉ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးတာကို ဖုံးကွယ်ကာ ထိခိုက်သေဆုံးသူတွေဟာ ပြည်သူမဟုတ်ဘဲ လက်နက်ကိုင်တွေအဖြစ် ထင်ယောင်ထင်မှားဖြစ်စေအောင် လုပ်ကြံဖန်တီးထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်များကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #ဇရပ်ကွင်း #သပိတ်ကျင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10