သဘင်ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချွတ် (အတွေးအမြင်)

သဘင်ဥက္ကဋ္ဌ ဇာတ်မင်းသား ဖိုးချွတ် (အတွေးအမြင်)

လူမှုကွန်ယက်စာမျက်နှာတခုမှာဖြစ်ပါတယ်။

“အမယ်လေး ကြိုက်ကို မကြိုက်တာ၊ မကြိုက်ဘူး။ ထပ်ပြောမယ်၊ မကြိုက်ဘူး။ နောက်တခေါက်ထပ်ပြောမယ် မကြိုက်ဘူး။ ကြိုက်လား၊ မကြိုက်ဘူး။” ဆိုပြီး သံပြိုင်ပြောဆိုနေတဲ့ ရုပ်သံဖိုင်တခုကို တွေ့ လိုက်ရတယ်။ အဲ့ဒီအသံဖိုင်ရဲ့နောက်ဆုံးနားမှာတော့ “မကြိုက်ရင်တောင် ဖိနပ်တော့ စီးကြပါကွာ” ဆိုတဲ့ အဆုံးသတ်စကားကို ပြောသွားပါသေးတယ်။ 

အခုလိုပြောဆိုနေတဲ့သူတွေဟာ စစ်သားတွေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို အဓိကထား လှူဒါန်းမှုတွေလုပ်နေတဲ့ ပရဟိတအဖွဲ့တဖွဲ့ကို ဦးဆောင်နေသူတွေ ဖြစ်ပါတယ်။ သူတို့ ဒီလိုပြောနေတာကလည်း အကြောင်းအရင်းတော့ရှိပါတယ်။

အဲ့ဒီအကြောင်းအရင်းကတော့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြမှုတွေစတင်ချိန်က စစ်တပ်ကို ဆန့်ကျင်ကြဖို့၊ ပြည်သူ့ဝန်ထမ်းတွေ CDM ပြုလုပ်ကြဖို့နဲ့ အာဏာရှင်စနစ်ကိုဆန့်ကျင်ဖို့ ကြွေးကြော်ဆန္ဒပြပွဲတွေမှာ အနုပညာရှင်များအဖွဲ့နဲ့အတူ ဦးဆောင်ပါဝင်ခဲ့တဲ့ ဇာတ်မင်းသားဖိုးချစ်ဟာ အထက်က ပုဂ္ဂိုလ်နှစ်ဦး သံပြိုင် ပြောဆိုသွားတဲ့ စစ်ကောင်စီကို မကြိုက်ကြောင်းစကားတွေကို အားမာန်အပြည့်နှင့် ဟောခဲ့ပြောခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။ 

စစ်ကောင်စီကိုဆန့်ကျင်ကြောင်း အားမာန်အပြည့်နှင့်ပြောဆိုခဲ့တဲ့ ဖိုးချစ်တယောက် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတခု လက်ခံရယူချိန်မှာတော့ အများနဲ့မတူ တမူထူး သူစီးထားတဲ့ဖိနပ်ကိုပါချွတ်ပြီး အလွန်ရိုသေလေးစားစွာ လက်ခံရယူခဲ့တာကြောင့် လှောင်ပြောင်ခံရတာပဲဖြစ်ပါတယ်။ 

ဖိုးချစ်ရရှိခဲ့တဲ့ဂုဏ်ပြုမှတ်တမ်းလွှာဟာ စစ်ကောင်စီက ကျင်းပတဲ့ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအတွက် အားဖြည့်ကူညီသူတွေကိုပေးတဲ့ မှတ်တမ်းလွှာဖြစ်ပြီး ဖိုးချစ်ဟာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေထဲက ဇာတ်တော်ကြီးပြိုင်ပွဲမှာ ကူညီပံ့ပိုးသူအဖြစ် တာဝန်ယူခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။ 

ဘယ်လိုကြောင့်ပဲ ရရှိတာဖြစ်ပါစေ အဲ့ဒီပွဲမှာ ဂုဏ်ပြုမှတ်တမ်းလွှာရယူသူတွေဟာ မင်းအောင်လှိုင်ရှေ့မှာ ဘယ်သူမှ ဖိနပ်ချွတ်မသွားကြပါဘူး။ ယုတ်စွအဆုံး ပြိုင်ပွဲမှာ အသက်အငယ်ဆုံးမှတ်တမ်းဝင်တဲ့ အကပြိုင်ပွဲဝင်တဦးတောင် ဖိနပ်မချွတ်ဘဲ မှတ်တမ်းလွှာယူသွားပေမယ့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဖိုးချစ်ကတော့ အားလုံးထက်ချွန်ပြီး မင်းအောင်လှိုင်ရှေ့မှာ ဖိနပ်ချွတ်သွားတာ ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း လူမှုကွန်ယက်ပေါ်က သူ့ရဲ့ပရိသတ်ဖြစ်ခဲ့ဖူးသူတွေဟာ ပေါက်ကွဲခဲ့ကြပြီး ဖိုးချစ်ကနေ ဖိုးချွတ်ဖြစ်သွားပြီလို့ ပြောတာမျိုးတွေရှိသလို စစ်ကောင်စီထောက်ခံသူတွေ ကိုယ်တိုင်ကပါ အရင်ကတမျိုး၊ အခုကျတမျိုးပါလားဆိုတဲ့စကားတွေနဲ့ လှောင်ပြောင်မှုတွေကို ပြုလုပ်ခဲ့ကြတာပါပဲဖြစ်ပါတယ်။ 

ဖိုးချစ်ရဲ့ကပွဲအတော်များများကို ကြည့်ရှုလေ့ရှိသူတဦးကတော့ ဖိုးချစ်ဟာ ကပြဖျော်ဖြေချိန်မဟုတ်ဘဲ စင်ပေါ်တက်ရချိန်တွေ၊ ပရိသတ်ကို ကျေးဇူးတင်စကားပြောချိန်တွေမှာ ဖိနပ်ချွတ်လေ့ရှိတာမျိုးကိုတွေ့ရပေမယ့် အခုလို မင်းအောင်လှိုင်ရှေ့မှာ ဖိနပ်ချွတ်တာကတော့ အိုဗာဖြစ်လွန်းတယ်လို့ မှတ်ချက်ပြုပါတယ်။ 

ဖိုးချစ်ရဲ့ ဒီလိုလုပ်ရပ်နဲ့ပတ်သက်ပြီး အသက် ၁၀ နှစ်အရွယ်လောက်ကတည်းက ဖိုးချစ်ကို အစဉ်တစိုက်အားပေးခဲ့ဖူးသူ အမျိုးသမီးငယ်တဦးကတော့ “တော်တော်လေး မရှက်တတ်တာလို့ထင်တယ်၊ အရင် ဖိုးချစ် မဟုတ်တော့ဘူးလို့ ထင်ရတဲ့ အထိပါပဲ။ သူ့ရဲ့ အရင်လုပ်ခဲ့သမျှ လူမှန်လူကောင်းလို့ တည်ဆောက်ခဲ့သမျှကို သူကိုယ်တိုင်ပဲ ရိုက်ချိုးသွားတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူသားဖြစ်တဲ့ဖိုးချစ်ဟာ သူ့ဇာတိက အဖြစ်အပျက်တွေကိုသိနေလျက်နဲ့ မအလနဲ့ မျက်နှာချင်းဆိုင်နိုင်သေးတာဟာ ဘယ်လိုအတ္တကြီးနေသလဲဆိုတာကို မြင်သာစေပါတယ်။

ဖိုးချစ်ဟာ သဘင်သမားတွေအတွက် သူရဲကောင်းပုံစံမျိုး ပြောဆိုနေတာတွေဟာလည်း ဖိုးချစ်အနေနဲ့ ဗီလိန်သူရဲကောင်းလုပ်ချင်နေတာလို့ထင်ပြီး လက်တဆုပ်စာလူတစုအတွက် တိုင်းပြည်က လူသန်းပေါင်းများစွာရဲ့ မျက်ရည်ကို လျစ်လျူရှုလိုက်တာဟာ အကြမ်းဖက်စစ်တပ်က လူတွေရဲ့ စိတ်ဓာတ်နဲ့ အတူတူဖြစ်နေ တယ်လို့လည်း ဆိုပါတယ်။ 

နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ ဇာတ်သဘင်လောကသားတွေကလည်း ဖိုးချစ်ရဲ့ အခုလိုလုပ်ရပ်ကို သဘောမကျကြဘဲ ဖိုးချစ်ဟာ ၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကိုခံရကတည်းက စစ်ကောင်စီကို ဝေဖန်တာတွေ မလုပ်တော့တာအပြင် စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်တွေမှာပါ ပူးပေါင်းပါဝင် နေတာကို ပေါ်ပေါ်ထင်ထင်တွေ့လာရကြောင်း၊ ဒီပြိုင်ပွဲမှာလည်း ဖိုးချစ်ဟာ သူတယောက်တည်း ပါဝင်တာမျိုးမဟုတ်ခဲ့ဘဲ သူ့ရဲ့ ဇာတ်သဘင်အဖွဲ့သား တော်တော်များများဟာလည်း ရန်ကုန်တိုင်းကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်တာကိုတွေ့ရကြောင်း ပြောကြပါတယ်။ 

နွေဦးတော်လှန်ရေးအစပိုင်း ဆန္ဒပြပွဲတွေ အားကောင်းချိန်တုန်းက ဝန်ထမ်းတွေသာ အဆင်မပြေရင် ဇာတ်သဘင်သမားတွေ၊  အဆိုတော်၊ သရုပ်ဆောင်တွေပါ ငတ်သွားနိုင်တယ်လို့ အားမာန်အပြည့်နဲ့ ပြောကြားခဲ့ဖူးသူကတော့ အခုချိန် သူ့ကိုဝေဖန်သူတွေကို မတုံ့ပြန်ဘဲနှုတ်ဆိတ်နေတာဟာ မှန်နေလို့ ပြန်မပြောဝံ့တာလား။ ဘယ်သူဘာပြောပြော ဂရုစိုက်စရာမလိုဘူးလို့ တွေးတာလားဆိုတာကိုတော့  မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဖိုးချစ်တယောက်သာ သိနိုင်ပါလိမ့်မယ်။ ။

ရေးသားသူ - ညီညာနွေဦး

#မြေလတ်အသံ

#ဆောင်းပါး #အတွေးအမြင် #သဘင်ဥက္ကဌ #ဖိုးချစ် #မင်းအောင်လှိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10