သမချေးငွေပြန်မဆပ်နိုင်သူတွေရဲ့ ကလေးငယ်အပါအမျိုးသမီးအချို့ကို ဓါးစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး

သမချေးငွေပြန်မဆပ်နိုင်သူတွေရဲ့ ကလေးငယ်အပါအမျိုးသမီးအချို့ကို ဓါးစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး

NLD လက်ထက်ကချေးယူခဲ့တဲ့ သမဝါယမငွေကို ပြန်မဆပ်နိုင်သေးလို့ဆိုကာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊အသရော်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၅ ရက်ဒီနေ့လယ်ပိုင်းမှာ အသရော်ကျေးရွာက ဒေသခံတွေကို အသရော်နယ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီးနောက် အမျိုးသမီး ၁၃ ဦးနဲ့ အမျိုးသား ၂ ဦးကို ထော်လာဂျီနဲ့ သာယာဝတီမြို့ပေါ်ကို ဖမ်းခေါ်သွားတာဖြစ်သလို အဲ့ဒီထဲမှာ မိခင်ဖြစ်သူနဲ့အတူ နို့စို့အရွယ်ကလေးငယ်တချို့လည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်သား ၃ ဦး၊ ရဲ ၃ ဦး၊ သမဝါယမရုံးက အမျိုးသမီးတဦး၊ မြို့နယ်မှူးတို့က အသရော်ကျေးရွာကိုလာပြီး ချေးငွေ ၁ သိန်းဆိုရင် အတိုးနဲ့ ၆ သိန်းစီပြန်ဆပ်ရမယ်လို့ ပြောဆိုကာ မဆပ်နိုင်တဲ့သူတွေကိုဆိုရင် ဖမ်းဆီးရိုက်နှက်ကြတယ်လို့ တိမ်းရှောင်နေတဲ့ တောင်သူတဦးက ပြောပါတယ်။

"အခုက နိုင်ငံရေးအခြေအနေကမကောင်း၊ လူတွေကလည်း လုပ်ရကိုင်ရတာ အဆင်မပြေကြဘူးဗျ။ ကျနော်တို့ဆိုရင် ၂ သိန်းချေးထားတာ။ တချို့ဆိုရင် ၅ သိန်း၊ ၆ သိန်းချေးကြတာပေါ့။ အဲတာကို ရဲ၊ စကစတွေက တောင်းတာဗျ။ လူတွေကလည်း ၁ သိန်းရှိတသိန်းပေးကြတယ်။ ၅ သောင်းရှိရင် ငါးသောင်းပေးကြတယ်ဗျ။ ဒါကိုအကြွေးမရလို့ဆိုပြီး ဖမ်းတာ။ ဖမ်းရင်လည်း ရိုက်နှက်ကြတယ်။ ဒါကြောင့် ပြေးနေရတာ"လို့ ဆိုပါတယ်။

ဒီချေးငွေတွေကိုပြန်ဆပ်ဖို့ မေလ ၃ ရက်က စတင်တောင်းနေတာဖြစ်ပြီး၊ ဒီကနေ့မှ ဖမ်းဆီး ရိုက်နှက်တာတွေလုပ်ခဲ့ကာ၊ အဖမ်းခံရမှာကိုစိုရိမ်လို့ တိမ်းရှောင်နေရသူ စုစုပေါင်း ၅၀ ဝန်းကျင်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မေလ ၃ ရက်မှာပဲ အင်းဝကျေးရွာက ကိုမျိုးမင်းဆိုသူမှာ ချေးငွေသိန်း ၅၀ ကို ဆပ်ဖို့သွားချိန် စစ်ကောင်စီနဲ့ ရဲတပ်သားတွေကဖမ်းဆီခဲ့တာကြောင့် မိသားစုတွေကပိုက်ဆံပေးပြီး ခေါ်ထုတ်ယူခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်ကတော့ သမချေးငွေ အဓမ္မတောင်းတဲ့ မိုးညိုမြို့နယ် ကရင်ချောင်အုပ်စု တောရကုန်းရွာက မြို့နယ်သမဝါယမအလုပ်အမှုဆောင် ဦးမြင့်စိုးကို သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ နဲ့ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇေယျာသော်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။

 စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10