သမိုင်းကိုသင်ခန်းစာယူပြီး နှစ်သစ်အတွက်အားမွေးပါ

သမိုင်းကိုသင်ခန်းစာယူပြီး နှစ်သစ်အတွက်အားမွေးပါ

ဆရာကြီးဒေါက်တာသန်းထွန်းက “သမိုင်းသင်တာမအအောင်လို့” လို့ပြောခဲ့သည်။ အဖိုးတန်စကားအဖြစ် သမိုင်းတွင်ကျန်ရစ်သည်။ ကျနော်တို့ သမိုင်းတလျှောက်ဖြစ်ပျက်ခဲ့သည်များကို သင်ခန်းစာယူခဲ့ကြကာ ပိုမိုကောင်း မွန်သော လူ့အသိုင်းအဝန်းကို တည်ဆောက်လာခဲ့ကြသည်မှာ ယနေ့တိုင်ပင်။ သို့သော်လည်း အကောင်းကိုတည်ဆောက်ရင်းအဆိုးဘက်ဆီပြန်လည်ရောက်သွားခဲ့သည်များလည်းရှိခဲ့ပါသည်။
 
၂၀၂၁ ခုနှစ်သည်မြန်မာနိုင်ငံအတွက် အဆိုးဆီပြန်လည်ကျဆင်းသွားသောနှစ်တနှစ်ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေအောက်တွင် နိုင်ငံသည် အလုံးစုံကောင်းလာစရာမရှိနိုင်သည်ကို စစ်အာဏာရှင်မလိုလားသည့် နိုင်ငံသားတိုင်းသိထားသည်။ သို့သော် စစ်တပ်ကအာဏာပြန်သိမ်းမည်ဆိုတာကိုတော့ အများစု တွေးထင်မထားကြတော့ချေ။
 
အထူးသဖြင့် ရွေးကောက်ပွဲတွင် တခဲနက်မဲပေးခဲ့ကြသည့် ပြည်သူလူထုက မည်သို့မျှမျှော်လင့်မထားသော ဖြစ်ရပ်ကြီးတခုအဖြစ် ယနေ့ချိန်ထိအံတကျိတ်ကျိတ် တက်တခေါက်ခေါက် ဖြစ်နေဆဲသာ။
 
စစ်အာဏာရှင်ကတော့ ယင်းတို့၏သရုပ်မှန်အတိုင်းသာ ကျင့်ကြံခဲ့သည်။ ကျနော်တို့လူထုက သမိုင်းသင်ခန်းစာ ယူခဲ့ကြသော်လည်း သမိုင်းသင်ပုန်းချေဖို့ အားသန်ခဲ့သည်။ ရန်ငါစည်းမပြတ်ခဲ့ကြခြင်းဖြင့် ယခုလို စစ်အာဏာသိမ်းမှုကို အလွယ်တကူပင်ခံလိုက်ရသည်။
 
ယခုတကြိမ်စစ်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံတွင် အဆိုးဆုံးနှင့်အရက်စက်ဆုံးလို့ အာဏာသိမ်းမှုကို တွေ့ကြုံခဲ့ဖူးသူများက ပြောဆိုကြသည်။ တကယ်လည်းမှန်နေပါသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီဇင်ဘာလဆန်းအထိ စစ်အာဏာရှင်၏အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ် ပစ်ခတ်ခံရမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၃၈၂ ဦးကျဆုံး ကျဆုံးခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏စာရင်းများအရသိရပါသည်။
 
ထိုအထဲတွင် အနာဂတ်ရည်မှန်းချက်ကိုယ်စီဖြင့် လူငယ်မျိုးဆက်သစ်များ အများအပြား ပါဝင်ခဲ့ပါသည်။ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို လူမမယ်ကလေးများကိုလည်း ကင်းလွတ်ခွင့်မရခဲ့ပါ။
 
ထိုအပြင် နိုင်ငံတဝှမ်း မီးရှို့မှုများ၊ အဓမ္မသိမ်းယူမှုများ၊ ဖမ်းဆီးမှု၊ ထွက်ပြေးတိမ်းရှောင်နေရသူများ မှာ အရည်အတွက်အားဖြင့်ဖော်ပြရန် မစွမ်းသာတော့သလို ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်နေဆဲ လည်းဖြစ်သည်။ စစ်အာဏာရှင်၏ ရက်စက်မှုများကို နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်ခဲ့ကြသော်လည်း ကျွဲပါးစောင်းတီးဖြစ်နေသော အာဏာရှင်အတွက် မျိုးဆက်သစ်လူငယ်တချို့ဟာ ရရာလက်နက်ဆွဲကိုင် ခံခုတိုက်ခိုက်လာခဲ့ကြပြီဖြစ်သည်။
 
ယင်းအပြင် အချို့အပစ်ရပ် လက်နက်ကိုင်တိုင်းရင်းသား အချို့သည်လည်း ထိတွေ့တိုက်ပွဲများပြန်လည် ဖြစ်ပွား လာခဲ့ကြပြီဖြစ်သည်။ စစ်အာဏာရှင်သည် မြေပြင်ထိတွေ့မှုတိုက်ပွဲများတွင် အနိုင်ကျင့်ဗိုလ်ကျမှုကို လေယာဥ်သုံးခြင်း လက်နက်ကြီးသုံးခြင်း အပြစ်မဲ့ပြည်သူကို ခုတုံးလုပ်ခြင်းဖြင့် ရက်စက်ယုတ်မာမှုသည် အဆုံးစွန်သို့ရောက်ခဲ့ပြီ။
 
အာဏာသိမ်းမှု ၁၁ လကာလအတွင်း စစ်ဘေးရှောင် သုံးသိန်းကိုးသောင်းကျော်ရှိ ကြောင်းကို မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု(ISP Myanmar) ဒီဇင်ဘာ ၁၆ ရက်နေ့ ကထုတ်ပြန်ထားပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သည့် KNU ထိန်းချုပ်နယ်မြေ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ် ကိုအကြောင်းပြု၍ စတင်ခဲ့သည့် စစ်ပွဲများ ဒီမော့ဆို တိုက်ပွဲများ ပါထပ်မံပေါင်းပါက စစ်ဘေးရှောင် လေးသိန်းကျော်ထိရှိလာနေပြီဖြစ်သည်. ယခင်စစ်အာဏာမသိမ်းခင် စစ်ရှောင် လေးသိန်းကိုးသောင်းကျော် မှာလည်း ယနေ့ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။
 
ထိုအဖြစ်အပျက်များက ရာဇဝင်မဟုတ်ပါ။ သမိုင်းဖြစ်ရပ်မှန်များသာဖြစ်ပါသည်။ သမိုင်းသည် လိမ်ညာ၍ မရပါ။ ရာဇဝင်သည်ကတော့ ရေးသားပြောဆိုသူနှင့် သယ်ဆောင်လာသူများ ဘက်လိုက်မှုများ၊ ဝါဒမှိုင်းတိုက်ခံရသူများ ၏ စိတ်အလိုအရသာ။ သမိုင်းသည် အထောက်အထားများ၊ သက်သေများ၊ တိကျခိုင်မာမှုများ။ ဘက်မလိုက်မှုများဖြင့် မှတ်ကျောက်တင်ခံနိုင်ရသည့် အရာသာဖြစ်သည်။ နောက်တချိန်တွင် သမိုင်းကိုသာ ကိုးကားပြောဆိုကြမည်ဖြစ်ပြီး ရာဇဝင်ကိုကိုးကားကြမည်မဟုတ်ပါ။ လိမ်လည်ထားမှုများသည် သမိုင်းမဟုတ်နိုင်ပါ။
 
ကျနော်တို့ နိုင်ငံသက်တမ်း တလျှောက်တွင် အုပ်စိုးသူများ အာဏာရှင်များ စစ်အာဏာရှင်များ၏ အလိုကျ မှားယွင်းပုံဖော်ထားသည့် သမိုင်းမဟုတ်သော လိမ်လည်မှုရာဇဝင်များဖြင့်သာ ကြီးပြင်းခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် လူမျိုးဘာသာရေးတို့တွင် ၎င်းတို့လိုသလို ပုံဖော်ခဲ့မှုများကြောင့် ယနေ့တိုင် လူသားအချင်းချင်း ယုံကြည်မှုနည်းပါးကာ စည်းလုံးမှုပျက်ပြားနေဆဲအခြေနေ ကိုရောက်နေရခြင်းဖြစ်သည်။ သို့သော် ၂၀၂၁ သည့် နိုင်ငံအဆိုးဘက်သို့ ကျဆင်းခဲ့သော်လည်း စစ်အာဏာရှင်၏ သရုပ်မှန်ကို မျက်ဝါးဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းဖြင့် ကျနော်တို့ သင်ခန်းစာ ယူကြရပါမည်။
 
၂၀၂၁ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၂ သို့ စတင်ဝင်ရောက်လာခဲ့ပါပြီ။ ကျနော်တို့ ယနေ့တော်လှန်ရေးသည် ပါတီတခု၊ အဖွဲ့အစည်းတခု၊ လူမျိုးတမျိုး၊ ဘာသာတခု ၏ ပြသာနာ ဒုက္ခမဟုတ်ပါ နိုင်ငံအတွင်းအားလုံးနှင့် ဆိုင်သောကိစ္စ ယင်းအပြင် အာဏာရှင်အလိုမရှိသော နိုင်ငံတိုင်းနှင့်ဆိုင်သောကိစ္စဖြစ်သည်ဆိုသည်ကို အားလုံးသိထားပြီဖြစ်သလို ထပ်မံ၍လည်း ရင်ထဲနှလုံးသားထဲ ကိန်းအောင်းကာ အားလုံး တော်လှန်နေကြဖို့၊ သွေးမအေးကြဖို့လိုသည်မဟုတ်ပါလား။
 
ကျနော်တို့ နောက်မျိုးဆက်များလက်ထဲသို့ အဆိုးသံသရာကြီးကို ထပ်မံလက်ဆင့်မကမ်းကြဖို့လိုပြီ မဟုတ်ပါလား။ ဘုံရန်သူရှိနေပြီဖြစ်သော ကျနော်တို့ ပြည်သူလူထုအနေဖြင့် တဦးအားနည်းချက်တဦးဖြည့်ဆည်းရင်း၊ တဦးမှားယွင်းမှုကို တဦးထောက်ပြ ဝေဖန်ခြင်းဖြင့် မိမိတို့ယုံကြည်ရာလမ်းအတိုင်း စည်းလုံးကြဖို့ အားသစ်မွေးကြဖို့ အချိန်ခါကောင်း ဖြစ်ပါကြောင်း မြေလတ်အသံသတင်းဌာန အနေဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။

 #မြေလတ်အသံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10