သမ္မရိုးရွာသား ၇ဦးကို သတ်တဲ့စစ်ကြောင်းက ဒေသခံတွေကို ဓားစာခံလုပ်ပြီး အရာတော်မှာ စစ်ကြောင်းထိုးနေ

သမ္မရိုးရွာသား ၇ဦးကို သတ်တဲ့စစ်ကြောင်းက ဒေသခံတွေကို ဓားစာခံလုပ်ပြီး အရာတော်မှာ စစ်ကြောင်းထိုးနေ

ဝက်လက်မြို့နယ်၊ သမ္မရိုးရွာသူ၊ ရွာသား ၇ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းမှာ ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို ဓားစာခံလုပ်ပြီး ဒီနေ့ (ဇူလိုင် ၇ ရက်)မှာတော့ အရာတော်မြို့နယ်ထဲက မင်းရွာကြီးကျေးရွာကို ဝင်ရောက်မွှေနှောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

 

ဒီနေ့ မနက် ၅နာရီလောက်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၅၀ စီ ၂ ဖွဲ့ခွဲပြီး မင်းရွာကြီးကျေးရွာကို ဝင်ရောက်ပစ်ခတ်နေတာလို့ ရောင်နီဂျီဇက်တပ်ဖွဲ့တာဝန်ခံ ကိုဝင်းအောင်က ပြောပါတယ်။

 

ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ ပထမစစ်ကြောင်းဟာ အင်အား ၇၀ ဝန်းကျင်ပါပြီး ဒေသခံ၇ဦးကို အရှေ့ကထားကာ ကျေးရွာထဲဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ နောက်ထပ် စစ်ကြောင်းကတော့ ဒေသခံ ၄ ဦးကိုဖမ်းပြီး မင်းရွာကြီးကျေးရွာအနီးက တောထဲဘက်ကိုထွက်သွားတယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေဟာ ဘယ်ကျေးရွာကဆိုတာတော့ အတည်ပြုလို့ မရသေးပါဘူး။

 

"အကုန်ပြေးနေရတော့ ဖုန်းသတင်းလောက်ပဲ အတည်ပြုလို့ရတယ်။ ဘယ်သူတွေမှန်း အတည်ပြုမရသေးဘူး။ သေနတ်တွေ ဆက်တိုက်ပစ်ပြီးဝင်လာလို့ အကုန်ကြောက်အားလန့်အား ထွက်ပြေးနေရတယ်" လို့ မင်းရွာကြီးကျေးရွာမှ ဒေသခံတဦးကပြောပါတယ်။

 

စစ်တပ်က စစ်ကြောင်းတွေထိုးနေတာကြောင့်  ပြည်သူတွေအနေနဲ့လည်း အရာတော်-ထီးဆောင်းလမ်းကို လတ်တလောမှာ အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မေတ္တာရပ်ခံထားပါတယ်။

 

အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဇူလိုင် ၅ရက် ည ၈ နာရီလောက်မှာ ရွှေဘိုမြို့က ထွက်လာပြီး မနေ့က ဝက်လက်နယ်ကဒေသခံ ၇ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ဝက်လက်မြို့နယ် #သမ္မရိုးရွာ #မင်းရွာကြီးကျေးရွာ #ဓားစားခံ #အရာတော် #ရွှေဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10