သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းပေါ်မှာ သရက်ခရိုင် တပ်ရင်း ၄ တပ်ရင်းမှူးရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ သရက်ခရိုင်တပ်ရင်း ၄ တပ်ရင်းမှူး လင်းယုန်ရဲ့မိသားစုဝင်တွေဖြစ်တဲ့ ယောက္ခမဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ရီ၊ ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် မဝါဝါလွင် (ခ) မဝါဝါနဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်အောင်ဘုန်းမြတ်တို့ ဖြစ်ပါတယ်။
သူတို့ ၃ ဦးက အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းမှာ ပြည်မြို့ဘက်ကနေ မင်းတုန်းမြို့ဘက်ကို ခရီးသွားကားနဲ့ လိုက်ပါလာချိန်မှာ စစ်ကောင်စီအဖွဲ့ရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာလို့ ဆိုပါတယ်။
"မင်းတုန်းနယ်ထဲက ရွာတရွာမှာ တိမ်းရှောင်ဖို့သွားမယ်ဆိုပြီး လွန်ခဲ့တဲ့ ၁ လကျော်လောက်ကတော့ ပြောဖူးတာရှိတယ်။ ခုလည်းခရီးသွားရင်းဖမ်းခံရတယ်လို့တော့ လတ်တလောသိထားရတယ်"လို့ မိသားစုဝင်နဲ့နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။
မိသားစုဝင်တွေဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲအခြေနေကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
အဲ့ဒီမိသားစုဝင်တွေဟာ ကိုလင်းယုန်လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး သေချာသိရှိသူတွေ မဟုတ်ဘဲ အဆက်အသွယ်မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။
အခုလိုမိသားစုဝင်တွေဖမ်းဆီးခံရတာက သတင်းပေးကြောင့်ဖြစ်နိုင်သလို ဖုန်းဆက်သွယ်ရေး လိုင်းတွေကနေတဆင့် သတင်းပေါက်လို့ ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။
ဗိုလ်လင်းယုန်ရဲ့မိသားစုဝင်တွေကို မဖမ်းမိခင် အောက်တိုဘာ ၁၉ ရက်ကလည်း သရက်ခရိုင် တပ်ရင်း ၄ နဲ့ဆက်စပ်သူ အမျိုးသား ၁ ဦးကို ပြည်မြို့မှာ စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိသားစုဝင်တွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ဇာတိရပ်ရွာကနေ ရွှေ့ပြောင်းနေထိုင်နေတာ ခုဆို ၃ နှစ်ကျော်ရှိပြီလို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးခံထားရသူတွေကို ဘယ်နေရာမှာ ချုပ်နှောင်ထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာလည်း သရက်ခရိုင်တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်လင်းယုန်ရဲ့ မိသားစုဝင်တွေ ပြည်ဘက်နေမင်းတုန်းဘက်ကိုသွားမယ်လို့ သတင်းရရှိတဲ့အတွက် ဥသျှစ်ပင်မြို့၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းပေါ်က ကိုဗစ်စစ်ဆေးရေးဂိတ်ကနေ စောင့်ဆိုင်းဖမ်းဆီးခဲ့တယ် ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၁ ရက်ကလည်း ပြည်မြို့နယ်၊ ပြည်-အောင်လံသွားကားလမ်းပေါ်မှာ ခရီးသွားကား ၁ စီးပေါ်ကနေ PDF အဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။
ကျော်ကြီး၊ စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ဖမ်းဆီးခံရ #သရက်ခရိုင်တပ်ရင်း၄တပ်ရင်းမှူးမိသားစု #စစ်ကောင်စီ
Share Share Share