သရက်ချဉ်ရွာ တိုက်ပွဲအတွင်း အမျိုးသမီးတဦး ဗုံးသီးစထိမှန်ဒဏ်ရာရ

သရက်ချဉ်ရွာ တိုက်ပွဲအတွင်း အမျိုးသမီးတဦး ဗုံးသီးစထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာအနီးမှာ ဇန်နဝါရီ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းအမျိုးသမီးတဦး လက်နက်ကြီးဗုံးသီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေဆီက သိရပါတယ်။

ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာ ကျောင်းအနီးမှာ ဒီနေ့မနက်ပိုင်း ၁၀ နာရီကနေ နေ့လယ် ၁ နာရီလောက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ရာ အထက်ပါအမျိုးသမီးရဲ့ နေအိမ်အနီးကို လက်နက်ကြီးဗုံးသီးစကျရောက်ပြီး ထိမှန်ခဲ့တာလို့ ဆင်ဖြူကျွန်း မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

"သရက်ချဉ်ကျေးရွာ ကျောင်းနားလေးမှာ ပစ်ခတ်မှုဖြစ်တာ။ တော်လှန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြတာ။ သူ့အိမ်ထဲမှာနေရင်းနဲ့ ဒဏ်ရာရတာ။ လက်နက်ကြီးနဲ့ ပစ်တာမှ ဗုံးစမှန်တာ၊ မှန်ပြီဆို လူနာတင်ကားနဲ့ ဆေးရုံပြေးရတာပဲ။ နေ့လယ် ၁ နာရီခွဲကျော်မှာ ဆေးရုံရောက်တာ။" လို့ သူက ပြောပါတယ်။

ဒဏ်ရာရသူအမျိုးသမီးဟာ မိသားစုတွေရှောင်ပြေးချိန် အတူလိုက်ပါမသွားခဲ့ဘဲ အိမ်ထဲမှာကျန်ခဲ့စဉ်မှာ အခုလို ထိမှန်ခဲ့တာလို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ဆင်ဖြူကျွန်းမြို့ပေါ်က ဒေသခံတွေ အပြင်မထွက်ရဲကြဘဲ စလင်းမြို့အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ က စစ်ကောင်စီတပ်သားတွေဟာ ဆင်ဖြူကျွန်းမြို့၊ သစ္စာမြိုင်ကွက်သစ်ရပ်ကွက် အရှေ့ဘက်မြောင်းဘောင်မှာ အင်အား ၂၀၀ လောက်နဲ့ ကင်းပုန်းတွေယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ဇန်နဝါရီ ၄ ရက်မှာ စလင်းပကဖ က စလင်း-ဆင်ဖြူကျွန်းကားလမ်းပိုင်းပေါ်မှာ စစ်ဆေးရေးလုပ်ခဲ့ပြီး နောက်တနေ့ ဇန်နဝါရီ ၅ ရက်မှာလည်း အလားတူ စစ်ဆေးရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။ 

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့ #ဆင်ဖြူကျွန်း #သရက်ချဉ်ရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10