သာစည်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ရှင်းလင်းခံရ

သာစည်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ရှင်းလင်းခံရ

စစ်မှူးထမ်းဟောင်းဖြစ်တဲ့ မန္တလေးတိုင်း၊ သာစည်မြို့ပေါ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးကို ဇူလိုင်လ ၁၆ ရက် ညနေ ၄ နာရီကျော်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာစည်မြို့နယ် ပကဖက ပြောပါတယ်။

အသတ်ခံရသူမှာ အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း ၅၆ နှစ်ဖြစ်ပြီး တခြားအုပ်ချုပ်ရေးမှူး ၂ ဦးနဲ့အတူ သစ္စာမိုးလက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

"ကျန်တဲ့ နှစ်ယောက်တော့ ဘာမှမလုပ်ပါဘူး။ ဇော်ဝင်းကိုပဲ ငါးချက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူက စကစတပ်သားဟောင်းတယောက်ပါ" လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံနဂါးလေးက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကတည်းကစလို့ ဦးဇော်ဝင်းက CDM လုပ်ကြတဲ့ မီးရထားဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေကိုဖမ်းဆီးဖို့ စစ်ကောင်စီတပ်ကို သတင်းပေးလုပ်တာ၊ ရပ်ကွက်မှာနာရေးကိစ္စကအစ ပိုက်ဆံတောင်းတာတို့ကို လုပ်ဆောင်နေတာကြောင့် အခုလိုရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။

ဦးဇော်ဝင်းကို ပြောဆိုထားတာတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။ 

သေဆုံးသူကိုတော့ စစ်ကောင်စီတပ်သားတွေက လက်ဖက်ရည်ဆိုင်ကနေ နေအိမ်ကို ပို့ဆောင်ကာ ဇူလိုင်လ ၁၇ ရက် ဒီကနေ့ နေ့လယ် ၂ နာရီကျော်မှာ သင်္ဂြိုလ်လိုက်ကြတယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်မှာလည်း အမှတ်(၇)ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးအောင်ကြည်နဲ့ အောက်တိုဘာ ၁၅ ရက်မှာလည်း ပျူစောထီးခေါင်းဆောင် စိုးဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မန္တလေးတိုင်း #သာစည် #ပကဖ #စစ်မှုထမ်းဟောင်း #အုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #ရှင်းလင်းခံရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10