သာစည်မှာ ပကဖနဲ့ PDF စခန်းတခု စီးနင်းခံရလို့ ရဲဘော် ၁ ဦးသေဆုံး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၃၀၀ ကျော်ဖိုးဆုံးရှုံး

သာစည်မှာ ပကဖနဲ့ PDF စခန်းတခု စီးနင်းခံရလို့ ရဲဘော် ၁ ဦးသေဆုံး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၃၀၀ ကျော်ဖိုးဆုံးရှုံး

မန္တလေးတိုင်း၊ သာစည်မြို့နယ်မှာရှိတဲ့ ကျေးရွာ ပကဖနဲ့ PDF ပူးပေါင်းတပ်ရင်းရဲ့ စခန်းတခုကို စစ်ကောင်စီတပ်သားတွေက သြဂုတ်လ  ၂၇ ရက် မနက် ၇ နာရီကျော်မှာ ဝင်ရောက် စီးနင်းခဲ့တာကြောင့် ရဲဘော် ၁ ဦး သေဆုံးကာ လက်နက်၊ ခဲယမ်း ကျပ်သိန်း ၃၀၀ ကျော်ဖိုး ဆုံးရှုံးသွားခဲ့တယ်လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။

 စစ်ကောင်စီတပ်သား ၂၀၀ ကျော်ခန့်က မျက်ခါးအင်းရွာအနီးမှာရှိတဲ့ ရွာငံကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့နဲ့ ရှမ်းတောင်စစ်ဒေသ ဓနု PDF တပ်ရင်း - (၁၀၀၃)ရဲ့ စခန်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပကဖ ရဲဘော်မောင်ညိုသေဆုံးပြီး သေနတ်တွေ၊ မိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။


"စခန်းမှာရှိတဲ့ ရဲဘော်တွေ ထမင်းစားနေချိန်မှာ တိုက်ခိုက်ခံရတာ။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်။ စကစအင်အားများတော့ စခန်းကိုစွန့်ခွာပြီး ပြန်ဆုတ်ခဲ့ရတယ်။ စကစက လက်နက်လည်း သာတာကိုး။ ရဲဘော်မောင်ညိုကတော့ ကျည်ထိလို့ ဖမ်းခံရတာ။ သူ့ကိုသတ်ပြီး မီးရှို့သွားတယ်" လို့ ရွာငံကျေးရွာပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ရွာငံပကဖနဲ့ ၁၀၀၃ တပ်ရင်းပူးပေါင်းအဖွဲ့က မျက်ခါးအင်းရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ကို မိုင်းဖောက်တိုက်ခိုက်ကာ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး၊ ပျူစောထီး ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တာကြောင့် စခန်းကို ဒလန်အကူအညီနဲ့ ထောက်လှမ်းပြီး အခုလိုလာရောက်တိုက်တာလို့ အထက်ပါတာဝန်ရှိသူက သုံးသပ်ပြောပါတယ်။ 

ယမန်နေ့ သြဂုတ် ၂၉ ရက်မှာလည်း ရွှေဘိုမြို့နယ်၊ ဇီးတောကျေးရွာရှိ တောကျီးကန်းအဖွဲ့ စခန်း ၁ ခုကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကား ၁ စီး၊ ဆိုင်ကယ် ၃စီး၊ လက်လုပ်သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ ကျပ်သိန်း ၁၅၀ ဖိုး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #သာစည်မြို့နယ် #ပကဖ #PDF #စခန်းသိမ်း #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10