သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ

သာစည်ရွာမှာ စစ်ကောင်စီကတပ်စွဲပြီး ၆ ရက်ဆက်တိုက်မီးရှို့ ပြည်သူ ၁ ဦးလည်း အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ သာစည်ကျေးရွာထဲမှာ စစ်ကောင်စီက အင်အား ၂၀၀ နီးပါးနဲ့ တပ်စွဲထားပြီး ရွာကိုလည်း ၆ ရက်ဆက်တိုက် မီးတင်ရှို့နေကာ ပြည်သူ ၁ ဦးလည်း သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက် ဒီနေ့ မနက် ၉ နာရီဝန်းကျင်ခန့်က သာစည်ရွာက ယောတိုက်ရပ်ကွက်ကို မီးတင်ရှို့နေပြီး ဩဂုတ် ၁၆ ရက်ထဲက ဒီနေ့ထိ ဆက်တိုက်မီးရှို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“၆ရက်မြောက် မီးရှို့ခံနေရတယ်၊ ရွာထဲမှာ စစ်**တွေ အများကြီး နေရာယူထားကြပြီးပြီ၊ မနေ့က အသတ်ခံရတဲ့ ပြည်သူတယောက်တွေ့တာ၊ မီးလောင်အိမ်မှာပဲ သင်္ဂြိုဟ်ပေးလိုက်ကြတယ်၊ ဘယ်သူဆိုတာ မသိရသေးဘူး၊ ခုရွာကို ကပ်လို့မရတော့ဘူး။" လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက သာစည်ကျေးရွာထဲကို  ဩဂုတ် ၁၁ ရက်ထဲက ဝင်ရောက်ကာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုတွေဖြစ်နေပြီး မနေ့ကတော့ ရွာထဲမှာတင် လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က လက်နက်အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကြောင်းက ကျေးရွာထဲမှာ ရှိနေလို့ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်နဲ့ သေဆုံးပြည်သူရဲ့ အချက်လက်တွေကို ရရှိဖို့ခက်ခဲနေပြီး ဩဂုတ် ၁၈ ရက် မီးရှို့မှုမှာတော့ အိမ်ခြေ ၂၀ ကျော် မီးထဲပါသွားပြီး နေအိမ်တချို့လည်း မြေထိုးစက်တွေနဲ့ ဖြိုချခံနေရတယ်လို့ ဆိုပါတယ်။

ဩဂုတ် လဆန်းပိုင်းမှာ ကလေးမြို့ ဒကစမှူး အပြောင်းအလဲလုပ်ပြီးနောက် ကလေးတောင်ပိုင်းက  သာစည်၊ ချင်းဆိုင်၊ ဇင်းကလင်း စတဲ့ရွာတွေကို ၆ လအတွင်း ရွာအပျောက်လုပ်ရမယ်ဆိုတဲ့ စီမံချက်နဲ့ ခုလို သာလွန်အင်အားသုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့လည်း ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ကြောင်းနဲ့ ဩဂုတ် ၁၀ရက်ကနေ ၁၂ရက်ထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စက္ကန့်ကျေးရွာမှာလည်း ရွာထဲပြန်ဝင်နေတဲ့ ပြည်သူတချို့ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် အန္တရာယ်တွေကြုံနေရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ကလေးမြို့ #စစ်ကောင်စီ #မီးရှို့ #ဒေသခံ #စစ်ရှောင် #ဒကစမှူး #ပြောင်းလဲ #သာလွန်အင်အား #စစ်ကြောင်းထိုး #ပြည်သူ #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10