သာယာဝတီမှာ စပါးစျေး ကျပ် ၁၃ သိန်းဝန်းကျင်​သာ စျေးပေါက်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

သာယာဝတီမှာ စပါးစျေး ကျပ် ၁၃ သိန်းဝန်းကျင်​သာ စျေးပေါက်နေလို့ တောင်သူတွေ တွက်ခြေမကိုက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ယခုနှစ်စပါးပေါ်ချိန် စပါးရည်ညွှန်းစျေး ကျပ် ၁၃ သိန်းဝန်းကျင်သာ စျေးပေါက်နေလို့ တောင်သူတွေအတွက် တွက်ခြေမကိုက်ဖြစ်နေတယ်လို့ သာယာဝတီမြို့နယ်အတွင်း တောင်သူတွေထံက သိရပါတယ်။

လယ် ၁ ဧက စိုက်ပျိုးကုန်ကျစရိတ် ကျပ် ၁၀ သိန်းနီးပါးရှိနေပြီး ရာသီဥတုနဲ့စစ်ဘေးဒဏ်ကြောင့် စပါးအထွက်နှုန်းလည်း ကျဆင်းနေလို့ ပင်ပန်းပြီး အကျိူးအမြတ်မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။

"ခုခေတ်ကုန်စျေးနှုန်းအရဆိုရင် အနည်းဆုံး စပါးတင်းတရာကို ကျပ် ၁၅ သိန်းအထက်ရမှ နည်းနည်းအဆင်ပြေရုံရမယ်။ အဲ့ဒီအောက်ဆိုရင် လူပင်ပန်းခတောင်မရတဲ့ အခြေအနေပါ။ စိုက်စရိတ်ခ အရင်ကထက် နှစ်ဆပိုကုန်လာတော့ မလွယ်ဘူး" လို့ သာယာဝတီမြို့နယ်အတွင်းက တောင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီအာဏာမသိမ်းခင်က စပါး ၁ ဧက စိုက်စရိတ် ကျပ် ၅ သိန်းဝန်းကျင်ခန့်သာ ကုန်ကျပေမယ့် ယခုအချိန်မှာတော့ ကျပ် ၁၀ သိန်းဝန်းကျင်ထိ ကုန်ကျလာတယ်လို့ ဆိုပါတယ်။

ယခင်က မြေဩဇာ ၁ အိတ်လျှင် ကျပ် ၄၀၀၀၀ ကျော် ယခုအချိန်မှာ ကျပ် ၁ သိန်းဝန်းကျင်၊ ယခင်က ကောက်စိုက်သမ ၁ ဦး ငှားရမ်းခ  ကျပ် ၄၀၀၀ ဝန်းကျင်၊ ယခု ကျပ် ၈၀၀၀ ကျော်စျေးပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီစျေး၊ လယ်ယာသုံးယာဉ်ငှားရမ်းခ၊ သယ်ယူပို့ဆောင်စရိတ်တွေ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ယခုနှစ်မိုးစပါးရာသီမှာ မိုးသည်းထန်စွာရွာသွန်းလို့ စပါးခင်းတွေပျက်စီးမှုအချို့ရှိခဲ့ပြီး စပါးအထွက်နှုန်းလည်း ကျဆင်းသွားတယ်လို့ သိရပါတယ်။

မိုးလေဝသကောင်းမွန်ပြီး ပိုးမွှားအဖျက်မရှိဘဲ သဘာဝဘေးအန္တရာယ်မရှိပါက တဧကလျှင် စပါး တင်း ၁၀၀ နီးပါးထွက်ရှိပြီး ယခုနှစ်မှာတော့ တဧက တင်း ၆၀ ခန့်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ကတော့ အထွက်နှုန်းကောင်းတဲ့ ရတာနာတိုးနဲ့ဘရက် ၉၀ စပါးမျိုးတွေကိုသာ အများဆုံးစိုက်ပျိုးကြပြီး ပေါ်ဆန်းနဲ့ ဆန်ကြမ်းအုပ်စုဝင်စပါးတွေကို စိုက်ပျိုးသူနည်းတယ်လို့ သိရပါတယ်။

၂၀၂၃-၂၀၂၄ မိုးစပါးစိုက်ပျိုးရာသီမှာ သာယာဝတီမြို့နယ်အတွင်း ဧက ၁၀၃၀၀၀ ကျော်၊ လက်ပံတန်းမြို့နယ်မှာ ၁၀၁၀၀၀ ကျော်၊ မင်းလှမြို့နယ်မှာ ၇၆၀၀၀ ကျော်၊ မိုးညိုမြိုနယ်မှာ ၄၈၀၀၀ ကျော်၊အုတ်ဖိုမြို့နယ်မှာ ၁၀၀၀၀၀ ကျော်၊ ကြို့ပင်ကောက်မြို့နယ်မှာ ၈၆၀၀၀ ကျော် စုစုပေါင်း မိုးစပါးစိုက်ဧက ၅၁၀၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့တယ်လို့ စစ်ကောင်စီလယ်ယာစာရင်းအင်းဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ - သာယာဝတီခရိုင်အတွင်း ယခုနှစ် စက်တင်ဘာလလယ်က  မိုးစပါးများရိတ်ချွေနေကြစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စိုက်ပျိုုးရေး #ဆန်စပါး #တောင်သူလယ်သမား #ပဲခူးတိုင်းအနောက်ခြမ်း #သယာဝတီ #ကုန်စည်ဈေးနှုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10