သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အင်ပင်ကျေးရွာမှာ တိုက်ပွဲတွင်းမပေါက်ကွဲဘဲကျန်ခဲ့တဲ့ ၄၀ မမ ဗုံးသီးကို ယူဆော့ချိန်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၉ ရက်က နေအိမ်ရဲ့ လှေကားအောက်မှာဖွက်ထားတဲ့ ၄၀ မမဗုံးသီးကို ကလေးတွေကတွေ့ပြီး ယူဆော့ခဲ့ကြရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကျန်လက်နက် ၄၀ မမ၊ နန့်သာရွာတိုက်ပွဲတုန်းက ကျန်တဲ့အသီးဖြစ်မယ်။ အဲ့ဒါကို သူ့အဖေက ကောက်ရလို့ သိမ်းထားတာ၊ လှေကားရင်းမှာ ဖွက်ထားပေါ့နော်။ အဲ့ဒါကို ကလေးတွေကယူဆော့တော့ ပေါက်ကွဲသွားတာ။”လို့ အသက် ၂၅ နှစ်ဝန်းကျင် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
၄၀ မမ ဗုံးသီး ပေါက်ကွဲလို့ အသက် ၄ နှစ်အရွယ် ထေဘီလေးမောင် မျက်နှာ၊ ခေါင်း၊ လက်မောင်း၊ ခြေထောက်နဲ့ အမျိုးသားအင်္ဂါ ဗုံးစထိမှန်ဒဏ်ရာ၊ အသက် ၄ နှစ်အရွယ် မသွန်းရတီအောင် ဘယ်ဘက်ခြေသလုံး ဗုံးစထိမှန်ဒဏ်ရာ၊ အသက် ၅ နှစ်အရွယ် မောင်အောင်မြင့်မြတ် ဘယ်ဘက်ခြေထောက်နဲ့ အမျိုးသားအင်္ဂါ ဗုံးစထိမှန်ဒဏ်ရာ၊ အသက် ၄၁ နှစ်အရွယ် ဒေါ်တင်ဇာဖွေး နောက်ကျောနဲ့ တင်ပါး ဗုံးစထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
အင်ပင်ရွာနဲ့ ကပ်လျက်ကျေးရွာတခုဖြစ်တဲ့ နန့်သာရွာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ စတင်တပ်စွဲတဲ့ ၂၀၂၃ မတ်လကနေ ကာကွယ်ရေးတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၂၄ ဇွန်လနောက်ဆုံးပတ်အထိ တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တဲ့နေရာတခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၂ရက်ကလည်း နန်းကင်းကျေးရွာမှာ လက်လုပ်မိုင်းပေါက်ကွဲလို့ အသက် ၁၀ နှစ်အရွယ် မောင်ဇေရဲထွန်း ရင်ဘတ်နဲ့ လက် ၂ ဖက်မှာ မိုင်းစထိမှန်ကာ အသားပဲ့ထွက်ဒဏ်ရာတွေ ရခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #အင်းတော် #ဗုံးသီး #ပေါက်ကွဲ #ကလေးငယ် #ထိခိုက်
Share Share Share