သိုင်းငင်းတိုက်ပွဲကို ပစ်ကူပေးတဲ့ စစ်တပ်ရဲ့လက်နက်ကြီး ကလေးမြို့ထဲကိုကျလို့ ပြည်သူတဦး သေဆုံး

သိုင်းငင်းတိုက်ပွဲကို ပစ်ကူပေးတဲ့ စစ်တပ်ရဲ့လက်နက်ကြီး ကလေးမြို့ထဲကိုကျလို့ ပြည်သူတဦး သေဆုံး

ချင်းပြည်နယ်၊ သိုင်းငင်းရွာစခန်းသိမ်းတိုက်ပွဲကို ပစ်ကူပေးတဲ့လက်နက်ကြီးတွေက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်နဲ့ ကြို့သုံးပင်ရပ်ကွက်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူတဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင် ၁၁ ရက် ဒီနေ့မနက် ၇ နာရီလောက်က သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကို ကလေးအခြေစိုက် ခလရ ၂၂၈၊ ဒကစနဲ့ လက်နက်ကြီးတပ်ရင်း ၃၆၅ (အမြောက်တပ်) ထဲကနေ လက်နက်ကြီးပစ်ကူ တောက်လျှောက်ပေးခဲ့ပြီး အဲ့ဒီထဲက လက်နက်ကြီး ၂ လုံးက မြို့ပေါ်ရပ်ကွက်တွေပေါ်  ကျရောက်ခဲ့တာလို့ ဆိုပါတယ်။ 

“သိုင်းငင်းစခန်းသိမ်းကို ပစ်ကူတာလေ၊ ဆက်တိုက်ပစ်တော့ ပြောင်းတွေပူပြီး အဲ့ထဲက ၂ လုံးက ဟိုမရောက်ဘဲ မြို့ထဲကျတာ၊ အမြောက်တပ်ကနေထုတော့ လက်နက်ကြီးကျည်က ရပ်ကွက်တွေ‌ပေါ်ကနေ ဖြတ်တာဆိုတော့ အိမ်ပေါ်လာကျတာ"လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ တောင်ဖီလာရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသမီးတဦး လည်ပင်းထိမှန်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးကာ အဲ့ဒီအမျိုးသမီးရဲ့ မောင်ဖြစ်သူလည်း ရင်ဘတ်ထိမှန် ဒဏ်ရာရထားလို့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ကြို့သုံးပင်ရပ်ကွက်မှာတော့ လူသေဆုံးမှုမရှိပေမယ့် ဆေးခန်းနားကို ကျရောက်ပေါက်ကွဲလို့ ဆေးခန်းသုံးပစ္စည်းတချို့နဲ့ ဆိုင်ကယ်၊ နေအိမ်တွေ လက်နက်ကြီးအစ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့၊ သိုင်းငင်းရွာမှာ ဒီမနက်ပိုင်းက တိုက်ပွဲဖြစ်နေတဲ့အတွက် အထက်ပါ စစ်ကောင်စီတပ်ရင်းတွေက မနက် ၆ နာရီကနေ ညနေ ၄ နာရီခွဲလောက်အထိ လက်နက်ကြီးအချက် ၂၀ လောက် ပစ်ကူခဲ့တာလည်း ဖြစ်ပါတယ်။

ကလေးမြို့မှာ အခုနှစ် ဇွန်လ တလအတွင်း စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၅ ဦးကျော် သေဆုံးထားပြီး၊ ဇွန်လ ၂၅ ရက်ကလည်း စစ်ကောင်စီဘက်က သာစည်ရွာတိုက်ပွဲကို ပစ်ကူပေးရာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၂၅ နှစ်အရွယ် ရဲဘော်တဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ကြို့သုံးပင်ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအပိုင်းအစနှင့် ထိခိုက်ပျက်စီးမှုများ။

တည်းဖြတ် - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #လက်နက်ကြီးပစ်ကူ #ဒေသခံထိမှန် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10