သိုးကျောင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရ

သိုးကျောင်းသွားတဲ့ အမျိုးသား ၁ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်ရေကန်ကျေးရွာနဲ့ ဂွေးပင်တောကျေးရွာကြား၊ မုံရွာ-မန္တလေးလမ်းဘေးမှာ သိုးကျောင်းသွားတဲ့အမျိုးသား ၁ ဦး မိုင်းထိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။ 

မိုင်းထိသူဟာ နတ်ရေကန်ရွာအရှေ့ဘက် လယ်တောထဲနေသူ အသက် ၃၅ နှစ်အရွယ် ကိုငပေ (ခ) အောင်သူ ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် ညနေ ၃ နာရီခန့်မှာ သိုးကျောင်းနေချိန် ‘နေလ’ ကျောက်ခွဲစက်အနီးအရောက်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ခြေထောက်က ဖြတ်ရမယ်မဖြတ်ရဘူးဆိုတော့ မသိရသေးဘူး။ ဖြတ်ရဖို့များတယ်။ ထိတဲ့ မိုင်းကတော့ နင်းမိုင်းလို့လည်း ပြောကြတယ်။ တိုက်မိုင်းလို့လည်း ပြောကြတယ်။ "လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ ကိုအောင်သူမှာ ညာဘက်ခြေကျင်းဝတ် ကြေမွပေါက်ပြဲ၊ ဘယ်ခြေထောက်အစမှန်၊ လက်နဲ့ ခန္ဓာကိုယ်တွေမှာလည်း မိုင်းစမှန်တဲ့ဒဏ်ရာတွေရသွားပြီး လက်ရှိ မုံရွာပြည်သူ့ဆေးရုံမှာ ဆေးကုသနေ တယ်လို့ ဆိုပါတယ်။ 

နတ်ရေကန်ကျေးရွာနဲ့ ဂွေးပင်တောကျေးရွာအကြားမှာ စစ်ကောင်စီတပ်သားတွေရော တော်လှန်ရေးအဖွဲ့တွေဘက်ကပါ လှုပ်ရှားသွားလာပြီး နှစ်ဖက်စလုံးက မိုင်းထောင်တတ်တာကြောင့် ဘယ်သူထောင်တဲ့ မိုင်းဆိုတာ မသိရဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာမှာ ထင်းခုတ်သွားတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် မိုင်းထိလို့ ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။ 
စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နင်းမိုင်း #အရပ်ထား #ခြေထောက်ပြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10