သုံးဆယ်မြို့က ၀င်္ဂဘာဘုရားပွဲကာလအတွင်း လူငယ် ၁၅ ဦး ပေါ်တာဆွဲခံရ

သုံးဆယ်မြို့က ၀င်္ဂဘာဘုရားပွဲကာလအတွင်း လူငယ် ၁၅ ဦး ပေါ်တာဆွဲခံရ

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ပေါ်မှာ ဝင်္ကဘာဘုရားပွဲတော်ကျင်းပနေစဥ်အတွင်း လူငယ် ၁၅ ဦးခန့် ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုရားပွဲတော်ကို ဒီဇင်ဘာ ၈ ရက်ကစတင်ကျင်းပနေတာဖြစ်ပြီး ဘုရားပွဲလာလူငယ်တွေနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ကောင်စီအဖွဲ့တွေက လမ်းကနေစောင့်ဆိုင်းပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ 

"စစ်မှုထမ်းအတွက် ဖမ်းတာပါပဲ။ (ပိုက်ဆံ)ပေးနိုင်တဲ့သူကတော့ ပြန်ထွက်ပေါ့။ မပေးနိုင်တဲ့သူကတော့ တပ်ထဲသွားပေါ့။ ခွဲတမ်း ၅ ဦးပေးရမယ်ဆို ၁၀ ယောက်လောက်၊ ၂၀ ယောက်လောက် ဖမ်းလိုက်တယ်။ ပိုက်ဆံရတဲ့သူကို ပိုက်ဆံယူတယ်။ မရတဲ့သူကို စစ်မှုထမ်းထည့်တာ။"လို့ ဒေသခံတဦးကပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာ သရက်ဖြူကံရွာက အသက် ၁၅ နှစ်ကနေ ၂၀ နှစ်ကြားရှိ မောင်ကျော်မင်း၊ မောင်ဇော်မင်းလတ်၊ မောင်ဇော်ထက်တို့ ၃ ဦး သုံးဆယ်လမ်းမ၊ ဒါးဘီးချောင်းတံတားအနီးမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်မှာလည်း ချမ်းသာကုန်းရွာ၊ အရှေ့လက်ပံခုန်း ရပ်ကွက်၊ သခွပ်ကုန်းရပ်ကွက်၊ သဃန်းကုန်းရပ်ကွက်အပါအဝင် ကျေးရွာရပ်ကွက်တချို့က အသက် ၁၅ နှစ် ကနေ ၃၅ နှစ်ကြား လူငယ် ၁၀ ဦးကျော် ထပ်မံဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေ့ရောညပါဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းမိလာသူတွေကိုတော့ သုံးဆယ်ရဲစခန်းနဲ့ သာယာဝတီရဲစခန်းတို့မှာ ထိန်းသိမ်းထားတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

"အဲ့လိုကြီးတွေလုပ်တော့ တော်ရုံတန်ရုံအရွယ်ကောင်း သတင်းကြားတဲ့သူတွေက မလာတော့ဘူး။ ရပ်ကွက်ထဲက ခြေလျင်လာတဲ့သူတွေလောက်ပဲ ရှိတော့တယ်။ တကယ်စည်ကားတဲ့ဘုရားပွဲကို အခုတော့ဘုရားပွဲနဲ့ မြူဆွယ်ပြီး ပေါ်တာဆွဲတာဆိုတော့ လူငယ်တွေအပျော်အပါးမမက်ဘဲ သတိထားဖို့လိုတယ်။"လို့ သူက ဆက်ပြောပါတယ်။

အခုအဖမ်းခံထားရသူအရေအတွက်ဟာ လက်လှမ်းမီသလောက်သိရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်နိုင်ဖို့ မိသားစုဝင်တွေက စစ်ကောင်စီအဖွဲ့တွေနဲ့ လိုက်လံညှိနှိုင်းမှုတွေရှိနေပြီး ဒီဇင်ဘာ ၁၁ ရက်ဒီနေ့အထိတော့ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း လူ ၁ ဦးကို ကျပ်သိန်း ၇၀ ဝန်းကျင်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ သိရကြောင်း အထက်ပါဒေသခံက ပြောပါတယ်။ 

ဝင်္ကဘာဘုရားပွဲတော်ကို ဒီဇင်ဘာ ၈ ရက်ကနေ ၁၇ ရက်အထိ ၁၀ ရက်တိုင်ကျင်းပနေတာဖြစ်ပြီး ဇာတ်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

စစ်မှူထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဧပြီလလောက်ကစတင်ပြီး စစ်ကောင်စီက သာယာဝတီမြို့နယ်အတွင်းမှာ နည်းလမ်းပေါင်းစုံနဲ့ စစ်မှုထမ်းအတွက်လူဖမ်းပြီး စစ်သင်တန်းပို့ဆောင်တာ၊ ငွေတောင်းပြန်လွှတ်တာတွေကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #သုံးဆယ်မြို့ #စစ်ကောင်စီ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10