သုံးဆယ်ရဲစခန်း တိုက်ခိုက်ခံရအပြီး မဘသ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

သုံးဆယ်ရဲစခန်း တိုက်ခိုက်ခံရအပြီး မဘသ ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းကို လာပစ်သူတွေလို့ဆိုကာ မဘသ အဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားတယ်လို့ သာယာဝတီမြို့နယ် ပကဖထံက သိရပါတယ်။

ရဲစခန်းအပစ်ခတ်ခံရတဲ့ နိုဝင်ဘာ ၂၀ ရက် ညမှာပဲ သုံးဆယ်မြို့၊ ရေဝေရပ်ကွက်၊ အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို စစ်ကောင်စီတပ်သားတွေက သေနတ်ဖောက် ဝင်ရောက်လာပြီး ကျောင်းထိုင်ဘုန်းကြီးရဲ့ အမျိုးတော်စပ်သူ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသား ၃ ဦးကို ဖမ်းသွားတယ်လို့ ဆိုပါတယ်။

"ပစ်ခတ်မှု မဖြစ်ခင်လေးမှာ အဲ့ဒီဘုန်းကြီးကျောင်းက ကားက ရဲစခန်းရှေ့ကနေ ဖြတ်ပြီးပြန်မိတော့ စကစဘက်က မသင်္ကာဖြစ်ပြီး ကျောင်းကိုဝင်စစ်ပြီး ဖမ်းသွားတာလို့တော့ သိရတယ်။ ဖမ်းခံရသူတွေက ဘုန်းကြီးအမျိုးတွေ မဘသတွေလို့ သိရတယ်" လို့ သာယာဝတီမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၃ ဦးအပါအဝင် မိသားစုဝင်အချို့ဟာ စစ်ကိုင်းဘက်ကနေ မိသားစုလိုက် ဘုန်းကြီးကျောင်းမှာ ကထိန်ကိစ္စအတွက် ယာယီလာရောက်နေထိုင်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူ အမျိုးသား ၃ ဦးရဲ့ အချက်အလက်နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိမှာတော့ သုံးဆယ်ရဲစခန်းထဲဖမ်းထားကာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ သုံးဆယ်ရဲစခန်းကို အင်အားထပ်တိုးကာ စခန်းပတ်ပတ်လည်ံ သံဆူးကြိုးတွေနဲ့ကာနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက် ညပိုင်းမှာ သုံးဆယ်ရဲစခန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲတပ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီမြို့ #သုံးဆယ်မြို့ #ရဲစခန်း #မဘသ #စစ်ကောင်စီ #သာယာဝတီမြို့ #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10