သူငယ်ချင်းဖြစ်သူနဲ့ သေကွဲ ကွဲခဲ့ရတဲ့ ရဲဘော် ကိုတွင်ခုံ (ရုပ်/သံ)

စစ်အာဏာရှင်ကို တော်လှန်ရေးခရီးအဆုံးအထိ မရှိအတူရှိအတူ လက်တွဲသွားမယ်လို့ ကတိထားခဲ့ကြတဲ့ ညီအကိုလိုခင်ရတဲ့ သူငယ်ချင်း ၂ယောက် မုံရွာမြို့က မစ်ရှင်တခုလုပ်ရင်း သေကွဲ ကွဲခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ပေါင်းပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ဝံပုလွေပြောက်ကျားတပ်ကို ဖွဲ့စည်းခဲ့ကြတာပါ။ ဗိုလ်လရောင် နဲ့ ရဲဘော်တွင်ခုံလို့ ခေါ်တဲ့ သူတို့ နှစ်ဦးဟာ အာဏာရှင်တော်လှန်တဲ့ ကိစ္စတိုင်းကို ၂ယောက်တူတူလုပ်ခဲ့ကြရင်း ခုတော့ ရဲဘော်တွင်ခုံတယောက်သာ ကျန်ပါတော့တယ်။

ပြီးခဲ့တဲ့ မေလ ၁၉ရက်က မုံရွာမြို့မှာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ကို ရှင်းလင်းတဲ့ မစ်ရှင်တခုအပြီးမှာ စစ်ကောင်စီနဲ့ အပြန်အလှန်ပစ်ခတ်ကြရင်း ဗိုလ်လရောင် ကျဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနေ့က ဗိုလ်လရောင်ကျဆုံးပြီး ရဲဘော်တွင်ခုံလည်း သေနတ်ဒဏ်ရာအပြင် ကားနဲ့ပါတိုက်ခံထားရလို့ လွတ်အောင်မပြေးနိုင်တော့တဲ့ အခြေအနေမှာ မုံရွာ ပျောက်ကြား၂ဖွဲ့က သူ့ကိုကယ်ထုတ်သွားခဲ့တဲ့ အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ အရင်ကတော့ သူတို့ ၂ယောက်တူတူ မြေပေါ်မြေအောက် လှုပ်ရှားမှုတွေ၊ လက်နက်ထုတ်လုပ်ရေးတွေမှာ တူတူလုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ရဲဘော် တွင်ခုံတယောက်တည်း ဂျိုင်းထောက် နှစ်ချောင်းနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

ရဲဘော်တွင်ခုံအတွက် ဘာထောက်ပံ့ကြေးမှလည်း မရသလို ဒေသခံကာကွယ်ရေးအဖွဲ့တခုဖြစ်တာကြောင့် အထောက်အပံ့တွေ အများကြီးမရှိလို့ အဘက်ဘက်က မပြည့်စုံမှုတွေနဲ့ပဲ ကျန်နေတဲ့ ရဲဘော်တွေနဲ့အတူ မိခင်တပ်ရင်းမှာ တော်လှန်ရေးအတွက် နိုင်ရာတာဝန်ထမ်းနေပါသေးတယ်။ တော်လှန်ရေးကာလ တနှစ်ကျော် ကာလအတွင်းမှာ ရဲဘော်တွင်ခုံနဲ့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ဟာ ပြည်သူတွေရဲ့ထောက်ပံ့မှုတွေနဲ့ ရရာလက်နက်ဆွဲကိုင်တိုက်ခိုက်နေဆဲဖြစ်သလို ရှေ့ဆက်ပြီးတော့လည်း ကျဆုံးသွားတဲ့ သူငယ်ချင်း ဗိုလ်လရောင်နဲ့ အတူ နွေဦးတော်လှန်ရေးမှာကျဆုံးသူတွေအတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ ဆက်ပြီးတိုက်ပွဲဝင်နေဦးမှာလည်းဖြစ်ပါတယ်။

သတင်း -ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10