သူရဲသမိန်ရွာက စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ်အတွင်း ဒေသခံတွေမသွားဖို့ ခြိမ်းခြောက်ကန့်သတ်

သူရဲသမိန်ရွာက စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်တောင်းမြစ်အတွင်း ဒေသခံတွေမသွားဖို့ ခြိမ်းခြောက်ကန့်သတ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ရွာအနီး စစ်တောင်းမြစ်အတွင်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက်ကစတင်ပြီး သူရဲသမိန်ရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က သာမန်လူတင်လှေ၊ ငါးဖမ်းလှေတွေကို စစ်တောင်းမြစ်အတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကန့်သတ်လိုက်တယ်လို့ ဆိုပါတယ်။

" ဒီဘက်ရွာသားတွေက ရေလမ်းကို အများဆုံးအားကိုးပြီးသွားနေကြတာ။ ရိက္ခာဝယ်တာ၊ ငါးဖမ်းတာနဲ့ သွားလာတာတွေ သုံးကြတာ။ ခုလိုပိတ်လိုက်တော့ ရွာခံတွေအတွက် အခက်ခဲဖြစ်လာမှာပဲ "လို့ ဒေသခံတဦးက ပြောပါတယ်။

တားမြစ်ထားတဲ့ကြားကနေ ဖြတ်သန်းသွားလာပါက အစစ်ဆေးအမေးမြန်းမရှိ ပစ်ခတ်သွားမယ်လို့လည်း စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာနဲ့ကမ်းနားပိုင်းကြားထဲက လယ်စောင့်တဲတွေအားလုံးကို ဖျက်ခိုင်းထားပြီး နိုဝင်ဘာ ၃၀ ရက် ဒီမနက်မှာတော့ ခြိမ်းခြောက်တဲ့အနေနဲ့ လယ်စောင့်တဲ ၁ လုံးကို စစ်ကောင်စီဘက်က မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီအင်အား ၇၀ ခန့်ဟာ သူရဲသမိန်ကျေးရွာထဲမှာ တပ်စွဲထားပြီး အဝင်အထွက်တွေကို တင်းကျပ်စစ်ဆေးနေပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းမှာလည်း ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း မမိတော့ဘဲ ဖုန်းပြောမရ၊ အင်တာနက်သုံးမရ ဖြစ်နေတယ်လို့ သိရပါတယ်။

ခုလို သွားလာခွင့်ပိတ်လိုက်တာကြောင့် ဝေါမြို့နယ်က သူရဲသမိန်၊ မြစ်ကျိုး၊ စက်စုရွာ အပါအဝင် ကျေးရွာ ၅ ရွာခန့်နဲ့ ရွှေကျင်မြိုနယ်ထဲက ကွမ်းဆိပ်ကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ဝင်းကံ၊ ခရွဲရွာက ဒေသခံတွေအတွက် သွားလာရေး အခက်အခဲဖြစ်သွားတယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၇ ရက် မနက် ၅ နာရီကျော်ခန့်မှာ သူရဲသမိန်ရဲစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃ ဦး၊ ရဲစခန်းမှူးပါ ရဲ ၄ ဦး၊ ပျူစောထီးနဲ့ရာအိမ်မှူး ၂ ဦး စုစုပေါင်း ၉ ဦးသေဆုံးခဲဲ့ပြီး လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီနောက်မှာ စစ်အုပ်စုက ခုလိုသွားလာရေးကန့်သတ်လိုက်တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #သူရဲသမိန် #စစ်တောင်းမြစ် #စစ်ကောင်စီ #သွားလာခွင့်ပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10